This video is yours? malware ပါဝင်သည့် Facebook message များ စင်ကာပူတွင် ပျံ့နှံ့လျက်ရှိ

Facebook မှာ သူငယ်ချင်း တစ်ယောက်ဆီက ဗီဒီယိုကြည့်ဖို့ တောင်းဆိုခံရတဲ့ message တစ်ခု ရရှိတဲ့အခါ လင့်ခ်ကို မနှိပ်ဖို့ အကြံပြုချင်ပါတယ်။ အဲဒီလင့်ခ်ဟာ malware ဖြစ်နေတတ်ပါတယ်။

အခုလိုမျိုး ဗိုင်းရပ်စ်တွေနဲ့ scam တွေအမျိုးမျိုး ထွက်ပေါ်နေတာ နှစ်အနည်းငယ်ကြာမြင့်နေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ message အတုဖြန့်ဝေမှု အသစ် ပြန်လည်ပေါ်ထွက်လာတယ်လို့ စင်ကာပူနိုင်ငံက Facebook Messenger သုံးစွဲသူတစ်ဦးက သတင်းပေးပို့ခဲ့ပါတယ်။ စင်ကာပူနိုင်ငံရဲ့ သုံးစွဲသူ တော်တော်များများဟာ ပြီးခဲ့တဲ့အပတ်အတွင်း အဲဒီ malware နဲ့ပတ်သက်လို့ သူငယ်ချင်းတွေကို လူမှုရေးမီဒီယာမှာ သတိပေးခဲ့ကြပါတယ်။

Hoax Slayer အပါအဝင် အီးမေးလ်နဲ့ လူမှုရေးမီဒီယာက အတုအယောင်တွေကို ဖော်ထုတ်တဲ့ ဝက်ဘ်ဆိုက်တော်တော်များများ အဲဒီ ဗီဒီယို message တွေနဲ့ပတ်သက်လို့ သတိပေးခဲ့ပါတယ်။ Facebook login အသေးစိတ်အချက်အလက်ခိုးယူဖို့ ဒါမှမဟုတ် malware ကို install လုပ်အောင် လှည့်ဖြားထားတဲ့ အရာဖြစ်တယ်လို့ ဝက်ဘ်ဆိုက်တွေက သတိပေးခဲ့ပါတယ်။

“Facebook သူငယ်ချင်းတွေဆီက ဒီလို message တစ်ခုကို ရခဲ့မယ်ဆိုရင် ဒါဟာ အဲဒီ သူငယ်ချင်းရဲ့ account က အပိုင်စီးခံထားရဖွယ်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ” လို့ Hoax Slayer ကပြောပါတယ်။

သုံးစွဲသူက malware လင့်ခ်ကို နှိပ်လိုက်တဲ့အခါ Facebook login စာမျက်နှာနဲ့ဆင်တူတဲ့ ဝက်ဘ်ဆိုက်ကို ရောက်ရှိသွားမှာ ဖြစ်ပြီး ဗီဒီယိုကို မပြသခင်မှာ account အချက်အလက် အသေးစိတ်ကို တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ဗီဒီယိုကို ပြသပေးမှာမဟုတ်ဘဲ scammer တွေက Facebook account ကိုအပိုင်စီးရယူဖို့ အသေးစိတ်အချက်အလက်တွေ တောင်းခံတဲ့ နည်းလမ်းဖြစ်ပြီး အလားတူ message ကို အခြားသူတွေထံ ပို့သွားမှာဖြစ်တယ်လို့ Hoax Slayer ကဆိုပါတယ်။

အခုလိုမျိုး scam ရဲ့နောက်ပုံစံတစ်မျိုးက ဝက်ဘ်ဆိုက်အတုပုံစံနဲ့ ဗီဒီယိုကြည့်ဖို့ browser ရဲ့ address bar အတွင်းမှာ code တစ်ခုကို copy နဲ့ paste ပြုလုပ်ခိုင်းတတ်ပါတယ်။ အဲဒီ code ဟာ အန္တရာယ်ရှိတဲ့ JavaScript ဖြစ်ပြီး ပစ်မှတ်ထားခံရသူရဲ့ Facebook account ကိုဟက်ကာတွေ ထိန်းချုပ်နိုင်အောင် ပြုလုပ်ပေးနိုင်တယ်လို့ Hoax Slayer ပြောပါတယ်။

ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Kaspersky ကလည်း scam အခြားပုံစံတစ်မျိုးကို သုံးစွဲသူများထံ သတိပေးခဲ့ပါသေးတယ်။ ဟက်ကာတွေဟာ ပစ်မှတ်ထားခံရသူကို ရုပ်ရှင်ကြည့်နိုင်တဲ့ စာမျက်နှာတစ်မျိုးကို ခေါ်ဆောင်သွားတတ်ပါတယ်။

ပစ်မှတ်ထားခံရသူအနေနဲ့ ရုပ်ရှင်တစ်ခုကို နှိပ်လိုက်တဲ့အခါမှာ malware က browser, operating system နဲ့ အခြား အရေးကြီးတဲ့အချက်အလက်တွေကို ရေတွက်ပေးမယ့် ဝက်ဘ်ဆိုက်အစုတစ်ခုကို တိုက်ရိုက်ပို့ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ malware က ပစ်မှတ်ထားခံရသူရဲ့ အွန်လိုင်းလုပ်ဆောင်ချက် စောင့်ကြည့်ဖို့ cookie တွေကို ခြေရာခံပေးသွားမှာ ဖြစ်ပါတယ်။ ပစ်မှတ်ထားခံရသူအတွက် ကြော်ငြာနဲ့ လင့်ခ်တွေကို နှိပ်ဖို့ social engineer ကို အသုံးပြုနိုင်ပါတယ်။

Facebook သုံးစွဲသူတွေအနေနဲ့ account တွေကို လုံခြုံစေချင်ရင် two-factor authentication ကို အသုံးပြုနိုင်ပါတယ်။ အဲဒီလုံခြုံရေးနည်းလမ်းဟာ Facebook က မမှတ်မိတဲ့ မိုဘိုင်းထုတ်ကုန် ဒါမှမဟုတ် ကွန်ပျူတာက Facebook ကို တစ်စုံတစ်ယောက်က ဝင်ရောက်တဲ့ အကြိမ်တိုင်းမှာ အထူးလုံခြုံရေး code ထည့်သွင်းခြင်း ဒါမှမဟုတ် login ကိုအတည်ပြုဖို့ တောင်းဆိုတဲ့ စနစ်ဖြစ်ပါတယ်။

သုံးစွဲသူအနေနဲ့ two-factor authentication အသုံးပြုမယ်ဆိုရင် အောက်ပါနည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

– Facebook ရဲ့ Settings က Security and Login ကိုဝင်ရောက်ပါ။
– ပြီးတော့ two-factor authentication ဆိုတာကိုရှာပြီး edit ကိုနှိပ်ပါ။
– အဲဒီမှာ သုံးစွဲသူနှစ်သက်တဲ့ authentication နည်းလမ်းကို ရွေးပြီး ညွှန်ကြားချက်အတိုင်း ပြုလုပ်ပါ။
– သုံးစွဲသူက ရွေးချယ်ထားတဲ့ authentication နည်းလမ်းကို ရွေးချယ်ပြီး turn on ပြုလုပ်ပါ။

စိုးထက်
Ref: ChannelNewsAsia