The Outer World

စိတ်ကူးယဉ်ဆန်ဆန် တိုက်ခိုက်ရေး ဂိမ်းကောင်းကောင်း ကစားချင်သူတွေအတွက် Update Version မဟုတ်တဲ့ လုံးဝအသစ်ထွက် ဂိမ်းသစ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ The Outer World လို့ အမည်ပေးထားပြီး ကမ္ဘာဂြိုဟ်မဟုတ်တဲ့ အခြား အခြားသော ဂြိုလ်ကမ္ဘာတွေကို သွားရောက်၊ မမြင်ဖူးသေးတဲ့ စိတ်ကူးယဉ်ဆန်ဆန် သတ္တဝါတွေ ဖန်တီးပြီး တိုက်ခိုက်ရမယ့် ဂိမ်းသစ်ပဲ ဖြစ်ပါတယ်။ Platform စုံစုံနဲ့ ကစားနိုင်အောင် ဖန်တီးထားပြီး Nintendo Switch အတွက် ၂၀၂၀ မှာ ထွက်လာဖို့ တစ်ခုကလွဲရင် PS4 ရော Xbox One နဲ့ပါ ကစားနိုင်တယ်၊ ပြည်တွင်းက ဂိမ်းသမားတွေ အကြိုက်တွေ့မယ့် Wins စနစ်နဲ့လည်း လာပါတယ်။

ရုပ်ထွက်ပိုင်း စိတ်ကြိုက်မဖြစ်ပေမယ့် ဂိမ်းရဲ့ဖန်တီးထားမှုက အားရစရာပါ။ ဂိမ်းရဲ့အစမှာ ကစားသူက မိမိနှစ်သက်တဲ့ ဇာတ်ကောင် စရိုက်ကို ဖန်တီးနိုင်မယ်၊ သူရဲကောင်း တစ်ယောက်လား၊ လူဆိုးတစ်ယောက်လား၊ ဒါမှမဟုတ် စတေးခံ စစ်သားတစ်ဦးလား၊ သင်ရွေးချယ်လိုက်တဲ့ ဇာတ်ကောင်စရိုက်အတိုင်း သင့်အတွက် အာကာသသွား ယာဉ်ပျံတစ်ခုနဲ့အတူ ဂိမ်းရဲ့ဇာတ်လမ်းသွားလည်း ပြောင်းလဲသွားပါလိမ့်မယ်။ သူရဲကောင်း အတွက်ဆိုရင် ရန်သူတွေကို သွားရောက် တိုက်ခိုက်ဖို့၊ လူဆိုးတစ်ယောက်ဆိုရင် ရန်သူဘက်က စစ်သည်တော် တစ်ယောက်လို ပင်မစနစ်ကို ပြန်လည်ခုခံမယ့်သူ တစ်ယောက်၊ စတေးခံစစ်သည် တစ်ယောက်ဆိုရင်တော့ ရန်သူ့နယ်မြေထဲကို ထောက်ပံ့ချိတ်ဆက် အကူအညီပေးမှုမပါဘဲ စေလွှတ်ခံရလို့ မိမိကိုယ်ကို ဆက်လက် ရှင်သန်နိုင်အောင် ကြိုးစားရသူတစ်ယောက် စသဖြင့် ဇာတ်ကောင် စရိုက်တွေ ကွဲပြားသွားပါတော့တယ်။

ရုပ်ရှင်တွေမှာလို ပြောရရင် ဇာတ်အိမ်ကြီးကြီး ဖန်တီးထားပြီး ဇာတ်ကောင်စရိုက် ရွေးချယ်ကစားနိုင်မှု အားကောင်းပါတယ်။ Single အနေနဲ့ပဲ ကစားနိုင်မှာဖြစ်ပေမယ့် ကစားသူအတွက် တွဲဖက်အကူ ဇာတ်ရုပ်တစ်ခုပါရှိပါမယ်။ ကစားသူက ဘယ်ဇာတ်ကောင်ကိုပဲ ရွေးချယ်ပါစေ အကူဇာတ်ကောင်က ပါရှိပြီးဖြစ်မှာပါ။ သူကတော့ အကူအနေနဲ့ သူ့ကိုယ်ပိုင် စွမ်းရည်တွေရှိပြီး ကစားသူကို လိုအပ်တဲ့နေရာမှာ တတ်နိုင်တာ ဝင်ကူပေးပါလိမ့်မယ်။ ရန်သူနဲ့ တိုက်ခိုက်ရမှုအတွက် လက်နက်အစုံ သုံးနိုင်မယ်၊ ခေတ်လွန် ဇာတ်လမ်းဖြစ်လို့ လေဆာလက်နက်ဆန်း တွေလည်းပါမယ်။ အနီးကပ် တိုက်ခိုက်မှုအတွက် သေနတ်အပြင် ဓါးလို လက်နက်တွေလည်း သုံးနိုင်မှာပါ။ ရန်သူနဲ့ မတိုက်ခိုက် ခင်မှာ ရှောင်ထွက်မှု၊ ပုန်းရှောင်မှုလည်း လုပ်နိုင်မယ်၊ ရန်သူကို အနိုင်ရရင်တော့ Battle Point ရမှာပေါ့။ ဒီအမှတ်တွေက လက်နက်တွေကို အဆင့်မြှင့်နိုင်မယ်လေ။ မတိုက်ဘဲ ရှောင်ထွက်ရင်တော့ တစ်ဆင့်လောက် အဆင်ပြေပေမယ့် လက်နက်တွေကို အဆင့်မမြှင့်ထားနိုင်လို့ နောက်အဆင့်တွေက ရန်သူကို နိုင်အောင်တိုက်ဖို့ ခက်သွားစေမှာပါ။ လက်နက်တွေကို အဆင့်မြှင့်မှုမှာ ကိုယ့်ရဲ့လက်နက် အားကောင်းလာလေလေ မိမိနဲ့အတူ ပါရှိတဲ့အကူ ဇာတ်ကောင်ရဲ့ လက်နက် လည်း ပိုပြီး ကောင်းလာမှာပါ။ ရန်သူကတော့ လူသားအနေနဲ့ ဆိုတာထက် တခြား ကမ္ဘာက ထူးဆန်းတဲ့ သတ္တဝါတွေဖြစ်ပြီး တိုက်ခိုက်ချိန်တွေမှာ ရန်သူရဲ့ အသက်လက်ကျန် ဖော်ပြမှု မရှိတာကြောင့် အချိန်ပြည့် ဂရုစိုက်တိုက်ခိုက်ဖို့ လိုပါလိမ့်မယ်။ ကိုယ်နဲ့ အသားမကျတဲ့ ပတ်ဝန်းကျင်မှာ ကိုယ်မမြင်ဖူးတဲ့ သတ္တဝါတွေနဲ့ ရင်ဆိုင်ပြီး ပြင်ပကမ္ဘာတစ်ခုမှာပါ သင်ဟာ သူရဲကောင်း တစ်ယောက် ဖြစ်နိုင်ပါ့မလား?  The Outer Worlds မှာ ကစားကြည့်လိုက်ပါ။