TEDx Yangon ၏ ဟောပြောပွဲအစီအစဥ်တွင် နာဆာသိပ္ပံပညာရှင် မမိမိအောင် ပါဝင်ဆွေးနွေးမည်

TEDx Yangon က ဒီဇင်ဘာ ၆ ရက်၊ နံနက် ၁၀ နာရီမှာ ပြုလုပ်မယ့် ဟောပြောပွဲအစီအစဉ်မှာ နာဆာသိပ္ပံပညာရှင် မမိမိအောင်မှ ပါဝင်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

အဆိုပါ ဟောပြောပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြသွားမှာ ဖြစ်ပြီး အစီအစဉ်မှာ သူမ ဘာကြောင့် NASA သိပ္ပံပညာရှင် အလုပ်ကို စိတ်ဝင်တစား ဝါသနာပါလာခဲ့ရသလဲ၊ သိပ္ပံပညာရှင်တစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းမှုပြုတဲ့အခါ အောင်မြင်မှုကို ဆွတ်ခူးနိုင်ဖို့ ဘာတွေ ပြင်ဆင်ဖို့ လိုအပ်သလဲ ဆိုတာတွေနဲ့အတူ Ingenuity လို့ ကင်ပွန်းတပ်ထားတဲ့ အင်္ဂါဂြိုဟ်သွား ရဟတ်ယာဉ်ငယ်ကလေးကို ဖန်တီးပုံဖော်ခဲ့တဲ့ကာလတုန်းက ကန့်လန့်ကာနောက်ကွယ်က အတွေ့အကြုံတွေကို ဆွေးနွေးပြောဆိုသွားမှာ ဖြစ်ပါတယ်။

မမိမိအောင်ဟာ အသက် ၁၆ နှစ် အရွယ်မှာ ပညာရေးအတွက် အမေရိကန်ပြည်ထောင်စုကို တစ်ယောက်တည်းထွက်ခွာ ခဲ့တာဖြစ်ပြီး အာဘာနား ရှန်ပိန်း အီလီနွိုက်စ်တက္ကသိုလ်ကနေ လျှပ်စစ်အင်ဂျင်နီယာသိပ္ပံဘွဲ့ကို ၁၉၈၈ ခုနှစ်၊ လျှပ်စစ်အင်ဂျင်နီယာမဟာဘွဲ့ကို ၁၉၉၀ မှာ ရရှိခဲ့ပါတယ်။ သူ့ရဲ့မဟာသိပ္ပံဘွဲ့ အတွက် စာတမ်းမှာတော့ သူဟာ အချက်ပြလုပ်ငန်းစဉ်နဲ့ ဆက်သွယ်ရေးဆိုင်ရာအကြောင်းတွေကို လေ့လာတင်ပြခဲ့တာပါ။ သူမဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ပါဆဒီးနားမြို့ အခြေစိုက် နာဆာစခန်းရဲ့ Jet Propulsion Laboratory ဌာနမှာ ဦးဆောင်အင်ဂျင်နီယာတွေထဲက တစ်ဦးဖြစ်နေပါပြီ။

နာဆာဟာ ဒီနှစ် အစောပိုင်းတုန်းက အင်္ဂါဂြိုဟ်လေ့လာရေးခရီးစဉ်တစ်ခုကို စတင်ခဲ့ပြီး အဲ့ဒီခရီးစဉ်ထဲမှာပါတဲ့ ရဟတ်ယာဉ်တစ်စီး တည်ဆောက်ရာမှာ မမိမိအောင်က တာဝန်ခံအဖြစ် ဦးဆောင်ခဲ့တာပါ။ ဒီရဟတ်ယာဉ်ငယ်ဟာ တခြားဂြိုဟ်တစ်ခုရဲ့ လေထုထဲမှာ ပထမဆုံးပျံသန်းမယ့်ယာဉ်လည်း ဖြစ်ပါတယ်။ မမိမိအောင်ရဲ့ ဟောပြောဆွေးနွေးမှုတွေကို American Center, Yangon နဲ့ Jefferson Center, Mandalay ဖေ့စ်ဘွတ်စာမျက်နှာတို့ကနေ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««