Suzuki ကားစက်ရုံ သီလဝါအထူးစီးပွားရေးဇုန်တွင်တည်ဆောက်မည်

Suzuki Motor Corporation အနေနဲ့ သီလဝါအထူးစီးပွားရေးဇုန်မှာ Suzuki Thilawa Motor Co., Ltd အဖြစ် ရင်းနှီးမြှုပ်ခဲ့နှံပြီး SKD စနစ်နဲ့ မော်တော်ယာဉ်တွေကို ထုတ်လုပ်တပ်ဆင်ပြီး ပြည်တွင်းမှာ ဖြန့်ဖြူးရောင်းချလျက်ရှိရာမှ CKD စနစ်နဲ့ ထုတ်လုပ်တပ်ဆင်ဖို့ Welding Process, Painting Process နဲ့ Assembly Process တို့ပါဝင်တဲ့ စက်ရုံအသစ်ကို သီလဝါအထူးစီးပွားရေးဇုန်မှာ တည်ဆောက်သွားမယ်လို့ သိရပါတယ်။

စက်ရုံသစ်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှာ စတင်လည်ပတ်ရန် ရည်မှန်းထားပြီး နှစ်စဉ် ကားအစီးရေ ၄၀,၀၀၀ ခန့်ထုတ်လုပ်နိုင်မယ်လို့ သိရပါတယ်။ Suzuki အနေနဲ့ ၁၉၉၈ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံမှာ ကာလရှည်ကြာစွာ ရင်းနှီးမြုပ်နှံခဲ့ကာ ၁၉၉၉ မှာ မော်တော်ဆိုင်ကယ်နဲ့ မော်တော်ယာဉ်များကို အစိုးရနဲ့ ဖက်စပ်အဖြစ် ထုတ်လုပ်တပ်ဆင်ရောင်းချခြင်းဖြင့် လုပ်ငန်းများစတင်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် Suzuki (Myanmar) Motor Co.,Ltd နဲ့ Suzuki Thilawa Motor Co.,Ltd တို့အဖြစ် ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံကာ လက်ရှိမှာ တောင်ဒဂုံစက်ရုံနဲ့ သီလဝါစက်ရုံတို့မှာ Carry, Ciaz, Ertigaနှင့်Swift ကားအမျိုးအစားများကို ထုတ်လုပ်လျက်ရှိကြောင်း သိရပါတယ်။

၂၀၁၉ ခုနှစ် တစ်နှစ်လုံးတွင် မြန်မာနိုင်ငံမှာ ကားအစီးရေ ၁၃,၃၀၀ စီးကို ထုတ်လုပ်ခဲ့ရာ ယခင်နှစ်ထက် ၁၂၅% တိုးတက်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကားသစ်ရောင်းချမှုတွင် စျေးကွက်ရှယ်ယာ ၆၀.၃% ရရှိခဲ့ပြီး အစီးရေ ၁၃,၂၀၆ စီးကို ရောင်းချနိုင်ခဲ့ရာ ယခင်နှစ်ထက် ၁၂၈% တိုးတက်ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။

-သန္တာ