Surface Book 3, Surface Go 2 နဲ့ Surface Headphones 2 တို့ကို Microsoft ထုတ်ဖော် မိတ်ဆက်

Microsoft က Surface Book 3 နဲ့ Surface Go 2 တို့လို ထုတ်ကုန်သစ်တွေကို မိတ်ဆက်လိုက်ပါတယ်။ Surface Book 3 ကတော့ ကြီးမားတဲ့ ဒီဇိုင်းပြောင်းလဲမှု မရှိပေမယ့် အစိတ်အပိုင်းတွေကို အဆင့်မြှင့်တင်ထားပါတယ်။ Surface Go 2 ကိုတော့ ဒီဇိုင်းရော အစိတ်အပိုင်းကိုပါ အပြောင်းအလဲ ပြုလုပ်ထားပါတယ်။

Surface Book 3 မှာ ဒဿမမြောက်မျိုးဆက် Intel CPU ပါဝင်လာပါတယ်။ မျက်နှာပြင် ၁၃.၅ လက်မနဲ့ ၁၅ လက်မ အရွယ် ၂ မျိုး ထုတ်လုပ်ထားပါတယ်။ အခြေခံမော်ဒယ်တွေမှာ Core i5 နဲ့ Core i5 တို့ပါဝင်ပြီး ဒေါ်လာ ၁,၅၉၉ နဲ့စတင်ဝယ်ယူနိုင်သလို Nvidia GeForce GTX 1650 Max-Q GPU ပါဝင်တဲ့ အခြေခံမော်ဒယ်ကိုတော့ ဒေါ်လာ ၁,၉၉၉ နဲ့စတင်ရောင်းချမှာပါ။

၁၅ လက်မအရွယ် Surface Book 3 မှာတော့ Core i7, Nvidia GeForce GTX 1669 Ti နဲ့ Quadro RTX 3000 GPU မော်ဒယ်ကတော့ ဒေါ်လာ ၃,၄၉၉ အထိ ကျသင့်ပါမယ်။

Surface Book 3 ကို ဒီဇိုင်နာ၊ အင်ဂျင်နီယာ၊ ဂိမ်မာနဲ့ Developer တွေအတွက်ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ Microsoft ကပြောခဲ့ပါတယ်။ ဒါကြောင့် Surface Book 3 မှာ RAM 32GB အထိပါဝင်နိုင်သလို 2TB PCie NVMe SSD လည်းပါဝင်လာပါမယ်။

Surface Go 2 ကတော့ Surface နာမည်ထုတ်ကုန်တွေထဲမှာ အသေးဆုံး tablet ဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစားက ၁၀.၅ လက်မ အထိ ရှိပြီး ကိုယ်ထည်ကတော့ အရင်ထုတ်ကုန်နဲ့ တူတူပါပဲ။ ဘေးဘောင်ကတော့ သေးငယ်ပြီး မျက်နှာပြင်အရည်အသွေးကတော့ 1920x 1280 ရှိကာ aspect ratio 3:2 ရှိပါတယ်။

Surface Go 2 ရဲ့ Pentium Gold CPU မော်ဒယ်ကတော့ ဒေါ်လာ ၃၉၉ ကျသင့်ပါမယ်။ ဒါ့အပြင် မျိုးဆက်ရှစ်ခုမြောက် Core m3 မော်ဒယ်လည်း ရှိပါတယ်။ အဲဒီမော်ဒယ်မှာတော့ RAM 8GB နဲ့ 128GB SSD ပါဝင်ပြီး ဒေါ်လာ ၆၂၉ ကျသင့်ပါမယ်။

Surface Go 2 ဘက်ထရီပိုင်းကတော့ ပုံမှန်နှုန်းထက် မြန်ဆန်စွာ သုံးမယ်ဆို ၁၀ နာရီအသုံးပြုနိုင်ပါမယ်။ LTE ချိတ်ဆက်မှု ပါဝင်တဲ့ မော်ဒယ်မှာတာ့ Core m3 သုံးထားတဲ့အတွက် ဒေါ်လာ ၇၂၉ အထိ ကျသင့်ပါမယ်။

Microsoft ဟာ Surface Headphones 2 လို့အမည်ရတဲ့ နားကြပ်ကိုတော့ မိတ်ဆက်လိုက်ပါပြီ။ နားကြပ်က လိုသလို ချိန်ညှိနိုင်ပြီး actuve noise cancellation နည်းပညာပါဝင်လာပါတယ်။ လူအသံကို ကြားနိုင်အောင်လည်း ချိန်ညှိပေးထာပါတယ်။ Surface Headphones 2 ကို အနက်ရောင်တစ်မျိုးတည်းနဲ့ ထုတလုပ်ပါမယ်။

နားကြပ်သစ်မှာ Bluetooth 5.0 နဲ့ Qualcomm ရဲ့ aptX Bluetooth codec တို့ပါဝင်လာပါတယ်။ နားကြပ်ခွက်က ၁၈၀ဒီဂရီအထိ လှည့်နိုင်သလို ဘက်ထရီကတော့ နာရီ ၂၀ အထိ အသုံးပြုနိုင်ပါတယ်။
Surface Headphones 2 ကတော့ ဒေါ်လာ ၂၄၉ အထိ ကျသင့်ပြီး မေလ ၁၂ ရက်မှာ စတင်ရောင်းချပါမယ်။

စိုးထက်
Ref: GSMArena

Facebook မှာ နောက်ဆုံးရ နိုင်ငံတကာနဲ့ ပြည်တွင်းက နည်းပညာသတင်းတွေ၊ ပညာရေးသတင်းတွေ ဖတ်ချင်ရင် https://www.facebook.com/InternetJournal ကို like လုပ်ထားဖို့တော့ လိုမယ်နော်…