Super Nintendo World အပန်းဖြေပန်းခြံနဲ့ တွဲဖက်လည်ပတ်နိုင်မယ့် စမတ်လက်ပတ်

Super Nintendo Land ဟာ Universal Studios ကတည်ဆောက်တဲ့ Mario ပုံစံ အပန်းဖြေပန်းခြံဖြစ်ပါတယ်။ အဲဒီပန်းခြံဟာ စိတ်ဝင်စားစရာ အကောင်းဆုံးနဲ့ နည်းပညာပါဝင်မှု အများဆုံး အပန်းဖြေကစားကွင်း ဖြစ်လာမှာပါ။

အဲဒီပန်းခြံကို ၂၀၂၀ တိုကျိုအိုလံပစ် မတိုင်မီ နွေရာသီမှာ အိုဆာကာမြို့အတွင်း Universal Studios Japan တစ်စိတ်တစ်ပိုင်း အဖြစ် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ပန်းခြံရဲ့ လည်ပတ်မှု အစီအစဉ်မှာ Power Up Bands အမည်ရ စမတ်လက်ပတ်လည်း ပါဝင်ပါတယ်။ အဲဒီ စမတ်လက်ပတ်ကို စမတ်ဖုန်း app နဲ့ချိတ်ဆက်ပြီး ပန်းခြံအတွင်း လည်ပတ်တဲ့ ဒီဂျစ်တယ်လုပ်ဆောင်ချက်ကို ခြေရာခံပေးနိုင်တယ်လို့ သိရပါတယ်။

လက်ပတ်ဝတ်ဆင်သူက ပန်းခြံထဲ အလည်အပတ်လာတဲ့အခါမှာ အခြား လာရောက်လည်ပတ်သူတွေ ယှဉ်ပြိုင်ပြီး ဒီဂျစ်တယ်ဒင်္ဂါးကို စုဆောင်းရပါမယ်။ Universal Creative က ဖန်တီးမှုအကြီးအကဲ အရာရှိဖြစ်သူ သီယာရီကုပ်က ပန်းခြံရဲ့ ကမ္ဘာလုံးဆိုင်ရာဖွင့်ပွဲ အောင်ပွဲခံရေးမှာ ထုတ်ပြန်ချက်များစွာ ကြေညာခဲ့ပြီး ပန်းခြံဟာ အသက်ရှင်နေတဲ့ ဗီဒီယိုတစ်ခုလို့ ပြောခဲ့ပါတယ်။

မိုဘိုင်း app မှာဂိမ်းစတိုင် မြေပုံပါဝင်ပြီး ပန်းခြံအတွင်းက ဆွဲဆောင်မှုရှိရာကို ရှာဖွေကာ profile လုပ်ပြီး achievement တွေဖွင့်ရပါမယ်။ အိုဆာကာမြို့မှာ ပထမဆုံး Super Nintendo Land ကိုဖွင့်လှစ်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှပဲ အမေရိကန်အတွင်းက ကယ်လီဖိုးနီးယားပြည်နယ်က ဟောလိဝုဒ်နဲ့ ဖလော်ရီဒါ ပြည်နယ်က အော်လန်ဒိုမြို့ Universal Parks တွေမှာ ဆက်လက်ဖွင့်လှစ်မယ်လို့ သိရပါတယ်။

စိုးထက်
Ref: TheVerge