SunOrcal မားဝဲလ်အမျိုးအစားသစ်တစ်မျိုး သတိထားရန်လိုအပ်လာ

SunOrcal မားဝဲလ်အုပ်စုရဲ့အမျိုးအစားသစ်တစ်ခု သက်ဝင်လှုပ်ရှားလျက်ရှိလို့ သတိထားဖို့ လိုအပ်လာတယ်လို့ Paloalto networks က သတင်းထုတ်ပြန်ပါတယ်။

အန္တရာယ်ရှိတဲ့ အဲဒီမားဝဲလ်အုပ်စုဟာ သူတို့ရဲ့ပစ်မှတ်နယ်ပယ်ကို ကျော်လွန်ပြီး ပစ်မှတ်ထားလုပ်ဆောင် လာနေကြောင်းနဲ့ အခုအချိန်မှာ မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ကို တိုးချဲ့ပစ်မှတ် ထားလာပြီဖြစ်တယ်လို့ အဲဒီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အသုံးပြုနေကျ နည်းလမ်းတစ်ခု ဖြစ်ပြီး အရေးကြီးတယ်ထင်ပြီး ဖိုင်ကိုဒေါင်းလုပ်ဆွဲဖွင့်ကြည့်မိရာကနေ အသုံးပြုသူရဲ့ကွန်ပျုတာစနစ်အတွင်းကို မားဝဲလ်သွင်းမိပြီးသား ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီမားဝဲလ် (malware) ဟာ ဖျက်ဆီးရေးဖိုင်တွေကို အီးမေးလ်တွေတွဲပြီး ပစ်မှတ်တွေထံကို ပေးပို့တယ်လို့သိရပါတယ်။ အထူးသဖြင့် ဗီယက်နမ်ဘာသာစကား အသုံးပြုသူတွေကို ပစ်မှတ်ထားပြီး Donald Trump နဲ့ အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ဆိုပြီး ဖော်ပြထားတဲ့ ဖျက်ဆီးရေးဖိုင်ကို တွဲပြီး ပို့တယ်လို့ ဆိုပါတယ်။ အဲဒါကိုကာကွယ်ဖို့ အီးမေးလ်ပေးပို့လာသူကို ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်ဟုတ်မဟုတ် စစ်ဆေးသင့်ပြီး အီးမေးလ်လိပ်စာမှာ စာလုံးအမှားတွေမှားနေရင် မဖွင့်သင့်ဘူးလို့ ဆိုပါတယ်။

ကိုယ့်လျှို့ဝှက်ကုတ်နံပါတ်နဲ့ ကိုယ်ပိုင်အချက်အလက်တွေကို အီးမေးလ်ကနေ ပြန်လည်ပေးပို့တာမျိုး မလုပ်ဖို့လည်း ဆိုထားပါတယ်။
တရားဝင်အီးမေးလ် ဟုတ်မဟုတ် မသေချာပါက ပေးပို့သူထံ တိုက်ရိုက်ဆက်သွယ်သင့်ပြီး ကွန်ပျုတာစနစ်နဲ့ စက်ပစ္စည်းတွေကိုလည်း နောက်ဆုံးပေါ် Operating Sustem နဲ့ Web Browser တွေကို အဆင့်မြှင့်ထားသင့်တယ်လို့ Paloalto က သတင်းထုတ်ပြန် ထားပါတယ်။

-ထွန်းထွန်း