Strategy First University Extension – SFUx Online သင်ကြားမှုစနစ်ကိုမိတ်ဆက်

စီးပွားရေးစီမံခန့်ခွဲမှုပညာတွေကို မြန်မာနိုင်ငံအနှံ့ လက်လှမ်းမီမီနဲ့ သင်ယူနိုင်ဖို့အတွက် Online သင်ကြားရေး အစီအစဉ်တွေကို Strategy First University Extension အဖြစ် သီးခြားတည်ထောင် အကောင်အထည်ဖော် စတင်မယ်လို့ သိရပါတယ်။

သင်ကြားမှုပုံစံမှာ Online သင်ခန်းစာများဖြင့် သင်ကြားပေးခြင်းအပြင် အမေးအဖြေကဏ္ဍများ၊ ရက်တိုအလုပ်ရုံဆွေးနွေးပွဲများ စတဲ့ လက်တွေ့အသုံးချနိုင်မယ့် သင်တန်းများကိုလည်း ထပ်မံထည့်သွင်းကာ အများပြည်သူ လက်လှမ်းမီစွာ တက်ရောက်နိုင်ရန်အတွက် ဆောင်ရွက်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

အထွေထွေစီမံခန့်ခွဲမှုပညာ (General Management), ဈေးကွက်ပညာ (Marketing), လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုပညာ (Human Resources Management), ငွေကြေးစီမံခန့်ခွဲမှုပညာ(Financial Management), လုပ်ငန်းလည်ပတ် ဆောင်ရွက်ခြင်းစီမံခန့်ခွဲမှုပညာ (Operation Management) နှင့် စွန့်ဦးတီထွင်မှုနှင့် လုပ်ငန်းသစ်ဖန်တီးခြင်း (Entrepreneurship and New Venture Creation) စတဲ့ ဘာသာရပ်တွေကို လေ့လာနိုင်မှာဖြစ်ပြီး သင်တန်း ပြီးမြောက်အောင်မြင်ပါက ဘာသာရပ်တစ်ခုချင်းစီအတွက် Digital Certificate များရရှိမှာဖြစ်ပြီး Diploma ကို အထက်ပါ Certificate (၆) ခု စုစည်းပြီး ယူနိုင်မယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ရည်ရွယ်ချက်ထဲက တစ်ခုဖြစ်တဲ့ လူတိုင်းလက်လှမ်းမီတဲ့ ပညာရေးစနစ်ထိသွားဖို့အတွက် အခု SFUx Online Education Program ကိုစတင်ခဲ့တာဖြစ်ပါတယ်။ (၁၀) နှစ်တာ Strategy First University ရဲ့ အတွေ့အကြုံတွေရယ်၊ ကျောင်းက ဆရာကြီး၊ ဆရာမကြီးတွေရဲ့ ကူညီသင်ကြားပေးမှုတွေနဲ့ စတင်မှာပါ။ နိုင်ငံတကာမှာလည်း Online Course တွေကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေကြတော့ ကျွန်တော်တို့လည်း ဝန်ဆောင်မှုကောင်းပြီး နည်းပညာအသစ်တွေနဲ့ သင်ယူလေ့လာလိုစိတ်ဖြစ်အောင် စီစဉ်ထားပါတယ်။ SFUx ကပေးတဲ့ Certificate တွေကို လုပ်ငန်းတွေမှာ အသိအမှတ်ပြုတဲ့အထိ ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ Strategy First University ၏ Founder/President ဦးအောင်ချစ်ခင်က ပြောပါတယ်။

မြန်မာနိုင်ငံ စီးပွားရေးနှင့်စီမံခန့်ခွဲမှုကဏ္ဍမှာ သင်ကြားပြသနေတဲ့ ဝါရင့်ဆရာကြီး၊ ဆရာမကြီးများဖြစ်သော ပါမောက္ခ ဒေါက်တာ ဒေါ်လှမြင့်၊ ဒေါက်တာ ဒေါ်ဥမ္မာမြင့်၊ ဒေါ်ဌေးဌေးမြင့်၊ ဒေါ်အေးအေးဝင်းနဲ့ ဆရာ ဦးအောင်ချစ်ခင်တို့ ကိုယ်တိုင်သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း ပိုမိုကောင်းမွန်စေရန်၊ လက်တွေ့အသုံးချတတ်စေရန်၊ အချိန်နေရာမရွေး လွယ်ကူအဆင်ပြေစွာ သင်ယူလေ့လာနိုင်စေရန်၊ အနာဂတ် တွင်လည်း သင့်တင့်သောသင်တန်းကြေးဖြင့် လက်လှမ်းမီသော ပညာရေးအစီအစဉ်ဖြစ်စေရန် ရည်ရွယ်ကာ SFUxOnline Learning အခြေခံအစီအစဉ်ကို စတင်ထားတာဖြစ်တယ်လို့ သိရပါတယ်။

“ပို့ချတဲ့ ပုံစံက ကြိုတင်ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို SFUx Mobile App ကနေ သွားကြည့်ပြီး သင်ယူရမှာ ဖြစ်ပါတယ်။ Certifcate တစ်တန်းကို တစ်ပတ် သင်ခန်းစာတစ်ခုနဲ့ (၁၆) ပတ်စီကြာမြင့်မှာ ဖြစ်ပါတယ်။ သင်ခန်းစာ ပြီးတိုင်းမှာ quiz ဖြေဆိုရမှာ ဖြစ်ပြီးတော့ quiz တွေ အားလုံးဖြေဆိုပြီးစီးမှ certificate ရရှိမှာ ဖြစ်ပါတယ်။

Facebook Social Learning Group (Secret) တွေကနေ Live Q&A အစီအစဉ်ကို ဆရာ/ ဆရာမတွေက သင်တန်းတစ်ခုကို (၃) ကြိမ် ဖြေကြားပေးမှာ ဖြစ်ပါတယ်။ အတန်းတစ်တန်းကို တစ်နှစ်အထိ အချိန်ယူလေ့လာ နိုင် မှာ ဖြစ်ပါတယ်။ Certificate (၆) ခု ပြီးစီးလို့ Business Plan တစ်ခု assignment ရေးဆွဲတင်သွင်း အောင်မြင် တဲ့အခါ SFU Diploma in Business Management & Entrepreneurship ကို ရရှိမှာ ဖြစ်ပါတယ်။ သင်တန်း (၆) ခုကို တစ်ပြိုင်နက်တည်း တက်မယ်ဆိုရင်တော့ (၅) လနဲ့ သင်တန်းပြီးစီးမှာ ဖြစ်ပါတယ်။ တခြား short-course တွေဖြစ်တဲ့ SFUx Certificate in Customer Service Excellence, SFUx Certificate in Soft Skills for Leaders, SFUx Certificate in Professional Selling Skills, SFUx Certificate in Shop Floor Management, SFUx Certificate in Logistics Management စတာတွေကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပြီး Live Seminar တွေလည်း စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်” လို့ ဦးအောင်ချစ်ခင်က သင်ကြားမှုပုံစံကို ရှင်းလင်းပြောကြားပါတယ်။

အသေးစိတ်သိရှိလိုပါက info@sfux.strategyfirst.edu.mm နဲ့ SFUx Facebook page messenger m.me/SFUExtension. တို့မှာလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

-သန္တာ