SteamWorld Heist: Ultimate Edition

ဆွီဒင်အခြေစိုက် Image &Form ကနေ ဖန်တီးထားတဲ့ အခုဂိမ်းက အပစ်အခတ် အတိုက်အခိုက် ဂိမ်းတွေကို နှစ်သက်သူတွေအတွက် စိတ်ကြိုက်ဖြစ်မှာပါ။ ခေါင်းဆောင် Piper Faraday ရဲ့ နေရာမှာကစားသူက ဝင်ရောက်ကစားရမှာဖြစ်ပြီး သူက လျှို့ဝှက်လှုပ်ရှားသူအဖြစ် ဇာတ်ကောင်က ရှိနေမှာပါ။ ပင်လယ်ဓါးပြနဲ့ ပုံစံဆင်တူအောင် ဖန်တီးထားပြီး သူက ပင်လယ်ထဲမှာ မဟုတ်ပေမယ့် အာကာသယာဉ်ပျံတွေပေါ်မှာ ပစ်မှတ်တွေကို လိုက်လံရှာဖွေကာ အောင်မြင်အောင် ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။

အဓိကအနေနဲ့တော့ ကစားသူဟာ အဆင့်တက်ဖို့ လုပ်ရမယ်၊ ငွေများများ ရှာရမယ်၊ လိုအပ်တာ တွေ ၀ယ်ရမယ်။ ကစားသူရဲ့ သွားလမ်းတလျှောက် ရန်သူတွေကို ပစ်ခတ်ဖို့အတွက် လက်နက်တွေ၊ ကျည်ဆံတွေ ပြည့်ဝအောင် ဝယ်ယူတိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ရုပ်ထွက် အရမ်းမဆန်းပေမယ့် ဂိမ်းမှာထူးခြားချက်က သေနတ်ပစ်ခတ်မှုတွေမှာအပြင် လက်တွေ့မှာလို တစ်တန်းတည်းမဟုတ်ဘဲ ဂိမ်းထဲမှာ ထောင့်တွေကိုမှန်းပြီး ၃ ချက်ဆင့်၊ ၄ ချက်ဆင့် ပစ်ခတ်ရတာတွေ၊ မျက်ကွယ်ကပစ်မှတ်ကို ထောင့်ချိုးတွေ သုံးပြီးမှန်ကန်အောင် ပစ်ခတ်ရခြင်းတွေ ပါရှိလာလို့ တော်တော်ကို ခက်ပါတယ်။

အဆင့်တက်ဖို့ဆိုတဲ့ နေရာမှာလည်း ကစားသမားရဲ့ Level တက်ဖို့မဟုတ်ဘဲ တစ်ခန်းပြီး တစ်ခန်း အဆင့်တက် အောင်မြင်အောင် ကစားဖို့ ဖြစ်ပါတယ်။ ကစားနေကျ၊ Skill ကောင်းမှ အနိုင်ရဖို့ လွယ်မယ့်ဂိမ်းဖြစ်ပြီး တချို့ဂိမ်းတွေမှာလိုLevel မြင့်တိုင်း အသာစီးရမယ့် ဂိမ်းမဟုတ်ပါဘူး။ ရန်သူတွေကတော့ စက်ရုပ်တွေဖြစ်ပြီး အတက်၊ အဆင်းတွေ၊ မျက်ကွယ်က ပစ်မှတ်တွေကို တိုက်ခိုက်ရမှုတွေ၊ လက်နက် မှန်ကန်အောင် အသုံးပြုနိုင်မှုတွေ၊ ပိုက်ဆံစုထားမှုတွေ၊ လက်နက်ဝယ်ယူမှုတွေ၊ အဆင့်ဆင့်ကို မှန်ကန်အောင် လုပ်နိုင်မှ အနိုင်ရပါလိမ့်မယ်။ ရရှိလာတဲ့ ပိုက်ဆံနဲ့ ကစား သူကသူ့ရဲ့ လက်နက်တွေ၊ စွမ်းရည်တွေ၊ ပြီးတော့ Hats လို့ခေါ်တဲ့ အသက်တွေကို အဆင့်မြှင့်နိုင်မယ်။ ဒါမှလည်း နောက်တစ်ဆင့် ပိုခက်တဲ့အချိန်မှာ ဆက်လက်ရှင်သန် နိုင်ပါလိမ့်မယ်။ လက်နက် ၁၀၀ ကျော်ပါရှိတယ်။ Hats လည်း ၁၀၀ လောက် စုဆောင်းရပါတယ်။ ရတနာတွေကို တစ်ခန်းအောင်တိုင်း၊ ဒါမှမဟုတ် မိမိမှာရတနာဝယ်ဖို့ ပိုက်ဆံစုမိတိုင်း ဝယ်နိုင်ပါတယ်။ Hats တွေကတော့ ရန်သူရဲ့ခေါင်းတွေကို ပစ်မိတိုင်း Hats တွေ ရနိုင်ပါတယ်။

တစ်ခန်းပြီးတိုင်း New Game+ ကနေ နောက်အဆင့်တွေကို ဝင်ကစားနိုင်မှာပါ။ ဒါပေမဲ့ အစပိုင်းအခန်းတွေ လွယ်ပေမယ့် အဆုံးမရှိ ဂိမ်းမဟုတ်သည့် တိုင်အောင် အနိုင်ရဖို့တော့ မလွယ်လှပါဘူး။ အဆင့်မြင့် လာလေလေ ဆင့်ကဲပစ်ခတ်ရမှု များလာပြီး ရန်သူကိုထိမှန် အနိုင်ရဖို့ ခက်လာပါတယ်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်ကတည်းက Nintendo 3DS အတွက် စတင်ထွက်ရှိခဲ့ပြီး ၂၀၁၆ ဇွန်လ ၇ ရက်မှာတော့ Windwos အတွက်ရော OS X နဲ့ Linux တွေ အတွက်ပါ ဆက်ထွက်လာတယ်။ နောက်တစ်ရက်မှာပဲ PS4 အတွက်ရော Vita အတွက်ပါ ရနိုင်လာတယ်။ စက်တင်ဘာ ၃၀ မှာ Wii U အတွက် Version သစ်ရလာတယ်။ နိုဝင်ဘာ ၉ ရက်မှာ iOS မှာပါ ကစားနိုင်လာတယ်။ အခုနောက်ဆုံးအနေနဲ့တော့ပြီး ခဲ့တဲ့ဒီဇင်ဘာ ၂၈ ရက်က Nintendo Switch အတွက်ပါ ထပ်ထွက်လာလို့ အခု SteamWorld Heist လောက် Platform စုံနဲ့ ကစားနိုင်တဲ့ ဂိမ်းကခပ်ရှားရှားပါ။ သင့်လက်ထဲမှာသာ ဂိမ်းခွေ ရောက်လာပြီဆိုရင် ငါ့မှာဘာစက်ရှိသလဲ ပြန်စဉ်းစရာ မလိုလောက်အောင် Platform စုံနဲ့ ကစားနိုင်ပါတယ်။ စိန်ခေါ်မှုကို ရင်ဆိုင်ဖို့သာ ပြင်ထားပါ။

-သက်နိုင်ဦး (UCSL)