Star Wars ဇာတ်ကားသစ် ရိုက်ကူးမယ့် တိုင်ကာဝါတီတီ

တိုင်ကာဝါတီတီဟာ Star Wars ရုပ်ရှင်သစ်ကို ရိုက်ကူးသွားမယ်လို့ Disney ကထုတ်ပြန်လိုက်ပါတယ်။ တိုင်ကာဝါတီတီအတွက် Star Wars universe ကမစိမ်းပါဘူး။ The Mandalrian စီးရီး နောက်ဆုံးအပိုင်းကိုလည်း ရိုက်ကူးခဲ့ဖူးပါတယ်။ သူဟာ ပရိသတ်တွေ နှစ်သက်လှတဲ့ Jojo Rabbit နဲ့ Thor: Ragnarok တို့ကိုလည်း ဇာတ်ညွှန်းရေးပြီး ရိုက်ကူးခဲ့ပါသေးတယ်။

Star Wars ရုပ်ရှင်သစ်ကို တိုင်ကာဝါတီတီနဲ့ ခရစ္စတီဝီဆင်ကာရင်တို့က ပူးတွဲရေးသားမှာ ဖြစ်ပါတယ်။ ခရစ္စတီဝီဆင်ကာရင်က 1917 ရုပ်ရှင်ဇာတ်ညွှန်းရေးသားခဲ့သူ ဖြစ်ပြီး ဒီနှစ်အစောပိုင်းမှာ အကောင်းဆုံးဗြိတိန်ရုပ်ရှင်အဖြစ် ဗြိတိန်အကယ်ဒမီရုပ်ရှင်ဆုကို ရရှိထားပါတယ်။ သူမဟာ Star Wars ရုပ်ရှင် ဇာတ်ညွှန်း ပူးတွဲရေးသားတဲ့ ဒုတိယမြောက်အမျိုးသမီးဖြစ်လာပါတယ်။ လိချ်ဘရတ်ကတ်က Star Wars ဇာတ်ညွှန်းရေးသားတဲ့ ပထမဆုံး အမျိုးသမီးပါ။ သူမက Star Wars: The Empire Strikes Back ကို လော့ရန်ကတ်ဒန်နဲ့ ပူးတွဲရေးသားခဲ့ပါတယ်။

ဒါ့အပြင် Disey က Disney Plus မှာထုတ်လွှင့်မယ့် Star Wars စီးရီးအသစ်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစီးရီးကို Netflix ရဲ့ Russian Doll အစီအစဉ်ပူးတွဲဖန်တီးတဲ့ လက်စ်လေဟတ်လန်က ဖန်တီးမှာပါ။ လက်စတ်လေဟတ်လန်ရဲ့ Star Wars စီးရီးအသစ်က အခြားအစီအစဉ်နဲ့ မတူဘဲ Star Wars ဇာတ်လမ်းတည်ရာ အချိန်ကာလကွဲပြားနိုင်ကာ အမျိုးသမီးဇာတ်ကောင်ကို အခြေပြုမယ်လို့ ကောလာဟလ ထွက်ပေါ်နေပါတယ်။တိုင်ကာဝါတီတီရဲ့ Star Wars ရုပ်ရှင်သစ် ဒါမှမဟုတ် ဟတ်လန်ရဲ့ Disney Plus စီးရီး ထွက်ရှိမယ့် အချိန်ကိုတော့ Disney ကမကြေညာထားပါဘူး။

စိုးထက်
Ref: TheVerge

Facebook မှာ နောက်ဆုံးရ နိုင်ငံတကာနဲ့ ပြည်တွင်းက နည်းပညာသတင်းတွေ၊ ပညာရေးသတင်းတွေ ဖတ်ချင်ရင် https://www.facebook.com/InternetJournal ကို like လုပ်ထားဖို့တော့ လိုမယ်နော်…