တိုက်ခိုက်ရေး ဂိမ်းတွေကို ကစားရတာ နှစ်သက်သူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါပေမဲ့ဒီဂိမ်းက အသစ်တော့မဟုတ်ပါဘူး၊ တချို့လည်း ကစားဖူးတယ်၊ အခု မိတ်ဆက်ပေးမယ့်ဂိမ်းက အဆင့်မြှင့်ထားမှု အနည်းငယ်နဲ့ Platform အသစ်မှာ ကစားနိုင်အောင် မိတ်ဆက်လာတဲ့ Star Ocean 4 ပဲ ဖြစ်ပါတယ်။
Tri-Ace က ဖန်တီးပြီး Square Enix ကနေ ဖြန့်ချိလာတဲ့အခုဂိမ်း ကရှေ့ထွက် Platform မျိုးစုံမှာ အောင်မြင်မှုရပြီး လူကြိုက်များလာလို့ အခုတော့နောက်ဆုံးထွက် Version မှာ Platform အစုံနဲ့ ကစားနိုင်လာတာပဲ ဖြစ်ပါတယ်။ ကနဦး Version1 ထွက်ချိန်က Xbox
အတွက်ပဲ လာတာပါ။ လေးယောက် တစ်ဖွဲ့ပုံစံချိတ်ဆက်ပြီး အဖွဲ့လိုက်တိုက်ခိုက် ကစားနိုင်အောင် ဖန်တီးထားတယ်။ ဒါပေမဲ့ ဝင်ရောက်ကစားနိုင်သူကတော့ တစ်ယောက်တည်းပါ၊ ကျန် ၃ ယောက်ကတော့ ကွန်ပျူတာကနေ ပါဝင်ပေးမှာပါ။ သင့်အနေနဲ့ သူတို့ ၃ ယောက်ကို ခိုင်းစေပြီး ယာဉ်ပျံတစ်ခုလုံးကို မိမိစိတ်ကြိုက် ထိန်းချုပ်ကာ သွားနိုင်၊ လာနိုင်၊ တိုက်ခိုက်နိုင် လာပါတယ်။
ယာဉ်ပျံက ဂိမ်းထဲမှာ ဆိုပေမယ့် လက်တွေ့ဆန်ဆန် အခန်းတွေ၊ တည်ဆောက်မှုတွေ၊ လက်နက်တပ်ဆင်မှုတွေ ထည့်သွင်းဖန်တီး ထားတယ်၊ ကမ္ဘာနဲ့အတူ အခြားအာကာသထဲက ဂြိုဟ်ကြီး ၅ ခုအပေါ်မှာ ဆင်းသက်နိုင်ပြီး လိုအပ်ချက်တွေ ရယူမှုနဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ကစားသူတွေက ကြယ်ပင်လယ်ထဲကို ဖြတ်သန်းပြီး တစ်ဂြိုဟ်ကနေ တစ်ဂြိုဟ်ကူးပြီး ရန်သူတွေကို အောင်မြင်အောင် တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်တုန်းက Xbox အတွက် ထွက်ခဲ့တဲ့ အခုဂိမ်းက လူကြိုက်များမှုနဲ့ PlayStation 3 အတွက် ၂၀၁၀ အတွင်း ဆက်ထွက်လာပြီး အခုတော့ PS4 နဲ့ရော Windows တွေမှာပါ ကစားနိုင်အောင် ဖြန့်ချိလာတာ ဖြစ်ပါတယ်။ အခုဂိမ်းမှာ တိုက် ခိုက်ရမယ့် ရန်သူ၊ နယ်ပယ်နဲ့ နောက်ခံပုံရိပ်တွေကတော့ ရှေ့ထွက် Version တွေကအတိုင်းဖြစ်ပေမယ့် ရုပ်ထွက်ပိုင်း အဆင့် မြှင့်ထားတယ်၊ Platform အစုံကစားနိုင်လာတယ်၊ နောက်ပြီး Rush ဆိုတဲ့ စနစ်သစ်ပါလာတယ်။ သူက တစ်ဖက်က ရန်သူကို တိုက်ခိုက်နေချိန် Special Ability တွေကို သုံးပြီးတိုက်ခိုက်နိုင်အောင် ကူညီပေးတာပါ။ Hero တွေ ရွေးချယ်ကစားနိုင်တယ်၊ ယာဉ်ပျံကိုလည်း ရွေးချယ်နိုင်လာတယ်၊ Hero တစ်ဦးချင်း၊ ယာဉ်ပျံတစ်ခုချင်းစီမှာ သူ့ရဲ့ အားသာချက်၊ အားနည်းချက် တွဲလျက်ပါရှိတာလည်း ဖြစ်ပါတယ်။
နောက်ပြီး ယာဉ်ပျံဆီကနေ အကူအညီရယူ တိုက်ခိုင်မှုရော မြေပြင်ပေါ်မှာ ကိုယ်တိုင်ဆင်းသက် တိုက်ခိုက်မှုပါ လုပ်ဆောင် ကစားနိုင်လာတာလည်း ဖြစ်ပါတယ်။ ပြီးတော့ ရှေ့ထွက် Version တွေမှာ ကစားသူနဲ့ အဖွဲ့ ၄ ယောက်က ရန်သူကို တိုက်ခိုက်တာ မှန်ပေမယ့် ကွန်ပျူတာက ထိန်းထားတဲ့ ကျန် ၃ ယောက်က Random တိုက်နေပေမယ့် အခုဂိမ်းမှာတော့ ကစားသူကစုပြီး တိုက်မယ်ဆိုရင် စုနိုင်ပြီး ၄ ယောက်ပေါင်း တိုက်ခိုက်နိုင်လာပါတယ်။ အနိုင်ရဖို့ ပိုလွယ်လာပေမယ့် ရန်သူရဲ့ တိုက်ခိုက်ရည်နဲ့ ခံနိုင်ရည်ကိုလည်း တိုးမြှင့်ထားလို့ ကစားလို့ကောင်းလာပေမယ့် စိန်ခေါ်မှုကတော့ ခက်ခဲနေဆဲပါ။ အရင်က Xbox နဲ့ PS တွေ ရှိမှာကစားနိုင်ခဲ့လို့ Windows သမားတွေ သွားရေကျနေရတဲ့ Star Ocean ကတော့ သင့်ဆီရောက်လာပါပြီ၊ အောင်မြင်မှုကို အခုပဲတိုက်ခိုက် ရှာဖွေလိုက်ပါတော့။
-သက်နိုင်ဦး (UCSL)