Spotify မှာ audiobook တွေပါဝင်လာ

Spotify ဟာ အသံပိုင်းဆိုင်ရာ ရည်မှန်းချက်တွေကို podcast နဲ့ သီချင်းမှာပဲ ကန့်သတ်မထားပါဘူး။ အခုဆိုရင် Spotify ဟာ app ပေါ်မှာ နားထောင်နိုင်မယ့် audiobook အသစ် ၉ ခု မိတ်ဆက်လိုက်ပါတယ်။

အသစ်မိတ်ဆက်လိုက်တဲ့ audiobook တွေဟာ public domain မှာရှိပါတယ်။ အဲဒီထဲမှာ YouTuber တစ်ဦး ဖြစ်တဲ့ ဒေးဗစ်ဒိုဘရစ် ဖတ်ပြတဲ့ မယ်ရီရှယ်လီရဲ့ Frankenstein၊ ဖောရက်စ်ဝှစ်တေကာ ဖတ်ပြတဲ့ ဖရက်ဒရစ်ဒေါက်ကလက်ရဲ့ Narrative of the Life of Frederick Dougl‌ass‌, an American Slave နဲ့ သရုပ်ဆောင်မင်းသမီး ဟီလာရီဆွစ် ဖတ်ပြတဲ့ Kate Chopin ရဲ့ The Awakening တို့ပါဝင်လာပါတယ်။ ဒါ့အပြင် Spotify က Sitting with the Classics on Spotify အမည်ရ စီးရီးကိုလည်း ဖြန့်ချိခဲ့ပါတယ်။ အဲဒီ စီးရီးကတော့ အစီအစဉ်တစ်ခု ဖြစ်ပြီး ဟားဗတ်တက္ကသိုလ်က ပရော်ဖက်ဆာ ဂလန်ဒါကာပီရိုက ခေတ်သစ်နားထောင်သူအတွက် ဇာတ်လမ်းတွေရဲ့ သမိုင်းကြောင်းနဲ့ ဇာတ်ကြောင်းပြောဟန်တို့ကို ရှင်းပြပါမယ်။

Spotify ဟာ audiobook တွေကို တိုးချဲ့တာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ Spotify ဟာ Harry Potter ‌and the Philosopher’s Stone ထွက်ရှိဖို့ ဂျေကေရိုလင်းရဲ့ Wizarding World နဲ့ပထမဆုံး ပူးပေါင်းတဲ့ကုမ္ပဏီ ဖြစ်ပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««