Splinternet သို့မဟုတ် ၂၀၂၀ အတွက် သိထားရမယ့် စကားလုံး

လာမယ့်ရက် အနည်းငယ်အတွင်း ၂၀၂၀ ခုနှစ်ကို ကူးပြောင်းရတော့မယ့်အချိန်မှာ လူတစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ၊ ပညာရပ်နယ်ပယ် တစ်ခုချင်းလိုက်ဖြစ်စေ ပြီးခဲ့တဲ့ အတိတ်အပေါ် ပြန်လှန်သုံးသပ်မှုတွေ ပြုလုပ်နေကြသလို လာမယ့်အနာဂတ်အတွက်လည်း ကြိုတင်မှန်းဆမှုတွေ ပြုလုပ်နေကြပါတယ်။ လာမယ့် ၂၀၂၀ ခုနှစ်က နှစ်သစ်တစ်ခုဆိုတာထက် ဆယ်စုနှစ်တစ်ခုရဲ့  အဆုံးလည်း ဖြစ်နေတာကြောင့်ပိုပြီး အရေးကြီးလို့ နေပါသေး
တယ်။

ဘယ်ခေတ် ဘယ်အခါတုန်းကနဲ့မှမတူအောင် အခွင့်အလမ်းတွေ၊ စိန်ခေါ်မှုတွေ များပြားလွန်းနေတဲ့ လက်ရှိ (၂၁) ရာစုကြီးထဲကို ဆယ်စုနှစ် (၂)ခုနီးပါးခရီးနှင်လာချိန်မှာ ကျွန်တော်တို့လူသားတွေအနေနဲ့ ကိုယ့်ရဲ့အနာဂတ် ခရီးပန်းတိုင်ကို တိတိကျကျ သတ်မှတ်ထားနိုင်ခဲ့ကြပြီးပြီလား ဒါမှမဟုတ် ယခင်တုန်းကအတိုင်း စမ်းတဝါးဝါးနဲ့ ရှေ့ဆက်တိုးနေကြရတုန်းပဲလား။ အထူးသဖြင့် နောက်လာမယ့် ထောင်စုနှစ်သစ်မှာ (ခင်ဗျားက အဆိုးမြင်သမားဆိုရင် နောက်ရာစုသစ်မှာ) လူသားမျိုးနွယ်ကြီး ဆက်ရှိဖို့ ၁၀၀ ရာခိုင်နှုန်း မသေချာတော့တဲ့အခါ အစကောင်းမှ အနှောင်းသေချာဆိုတဲ့ စကားအတိုင်း ကျွန်တော်တို့ရဲ့ လက်ရှိလုပ်ရပ်တွေကအလွန် အရေးကြီးနေပါပြီ။

ကမ္ဘာကျော် နည်းပညာ သတင်နဲ့ မီဒီယာကွန်ရက် တစ်ခုဖြစ်တဲ့ The Verge က နည်းပညာနယ်ပယ်ရဲ့ ပြီးခဲ့တဲ့ အတိတ်ကို ပြန်လှန်သုံးသပ်ခြင်း၊ လာမယ့် နှစ်သစ်အတွက် လူမှုကွန်ရက်တွေရဲ့  အနာဂတ်အခြေအနေကို ကြိုတင်ခန့်မှန်းခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်ရဲ့ အဖြစ်အပျက်တွေကို ပြန်ကြည့်ပြီး စတိဗ်ဂျော့ဘ် ကွယ်လွန်မှုကြောင့် ဝမ်းနည်းရ၊ အက်ဒ်ဝါ့ဒ် ဆနိုဒန်ရဲ့  ဖွင့်ချမှုကြောင့် ပါးစပ်အဟောင်းသားဖြစ်ရ၊ အာကာသထဲရောက်သွားတဲ့ SpaceX ဒုံးပျံတွေကြောင့် ပီတိဖြစ်ရ၊ ဖေ့ဘုတ်ရဲ့ ကိုယ်ရေးအချက်အလက် အလွဲသုံးမှုတွေကြောင့် ဇဝေဇဝါ ဖြစ်ရတဲ့အပြင် နောက်ဆုံး Google တည်ထောင်သူနှစ်ဦးရဲ့ လက်ပြနှုတ်ဆက်မှုကြောင့် မတင်မကျဖြစ်ရသဖြင့် ရသမျိုးစုံကို ပြန်ပြောင်းခံစားရပါတယ်။

လူမှုကွန်ရက်တွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့လည်း လာမယ့်နှစ်သစ်မှာ အီးမေးလ်ကသာ အတွင်ကျယ်ဆုံး လူမှုကွန်ရက်ဖြစ်လာမယ် ဆိုတာကြောင့် အံ့အားသင့်ရသလို Virtual Reality ဆိုတဲ့ ပေါင်းသင်း ဆက်ဆံရေးနယ်မြေသစ်ထဲ ကျက်စားနိုင်တော့မယ် ဆိုတာကြောင့် စိတ်လှုပ်ရှားရပါတယ်။ (၂၀၂၀) ခုနှစ်အပေါ် The Verge ရဲ့ ခန့်မှန်းချက်တွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံး၊ စိန်ခေါ်မှုအရှိဆုံးကတော့ Splinternet တွေ အရှိန်အဟုန်နဲ့ ကြီးထွားလာလိမ့်မယ်ဆိုတဲ့ ဟောကိန်းပါပဲ။ ကျွန်တော်တို့ အများစုနဲ့ စိမ်းနေသေးတဲ့ ဒီစကားလုံးကို ခြေရာကောက်ကြည့်လိုက်တဲ့ အခါမှာတော့ …

မူလအစ

ဒီစကားလုံးကို ၂၀၀၁ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ၊ ကာတိုအင် စတီကျုရဲ့ ပညာရှင်ကလိုက် ဝိန်းခရူးစ်ဆိုသူက စတင်သုံးစွဲခဲ့တာပါ။ သဘောသဘာဝချင်း မတူညီဘဲ သီးခြားစီအပြိုင် ဖြစ်ပေါ်တည်ရှိနေကြတဲ့ အင်တာနက်ကွန်ရက်တွေကို ရည်ညွှန်းဖို့ ခရူးစ်က အသုံးပြုခဲ့တာပါ။ မူလအစမှာကောင်းမွန်တဲ့ အဓိပ္ပါယ်ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မလိုလားအပ်တဲ့ အရာတစ်ခုအဖြစ် သတ်မှတ်လာ ခဲ့ကြပါတယ်။

တကယ်တော့ အင်တာနက် ဆိုတာ တစ်ကမ္ဘာလုံးအတွက်၊ လူအားလုံးအတွက် တပြေးညီ၊ တစ်ပုံစံတည်း၊ တသမတ်တည်းဖြစ်တဲ့ ကွန်ရက်ကြီး ဖြစ်ပါတယ်။ ဒါပေမဲ့ နည်းပညာပိုင်းအရ၊ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ လူမျိုးရေး ဘာသာရေးအရ သီးခြားအသုံးပြုဖို့ ခွဲခြမ်းစိတ်ဖြာ လိုက်တဲ့အခါ လူအားလုံးအတွက် Internet မဟုတ်တော့ဘဲ လူတစ်စုအတွက် Splinternet ဖြစ်သွားရပါတော့တယ်။

ဒီအတွက် အကောင်းဆုံး ဥပမာကတော့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက နိုင်ငံရေး အကြောင်းပြချက်နဲ့ အင်တာနက် သုံးစွဲမှုအပေါ်မှာ မဟာတံတိုင်းကြီးလိုမျိုး ကြီးမားခိုင်ခံ့လှတဲ့ အတားအဆီး ပေါင်းများစွာကို အသုံးပြုပြီး ချုပ်ခြယ်ကန့်သတ်မှုတွေ ပြုလုပ်ထားပါတယ်။ တရုတ်နိုင်ငံရဲ့ အင်တာနက်ကတခြား နိုင်ငံတွေနဲ့ ဘယ်လိုမှ တူညီမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဒီမိုကရေစီနိုင်ငံ ကြီးတွေဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဩစတေးလျတို့မှာတော့ ကလေးသူငယ် အသုံးချ လိင်ဖျော်ဖြေရေးတွေ၊ လက်နက် ရောင်းဝယ်မှုတွေနေနဲ့ ပတ်သက်ပြီး အင်တာနက်သုံးစွဲမှုကို တားဆီးပိတ်ပင်ဖို့ စီစဉ်ဆောင်ရွက်နေကြပါတယ်။ ဒါကြောင့် Splinternet ဆိုတာ အကောင်းအဆိုး တထိုင်တည်းဆုံးဖြတ်လို့ရတဲ့ ကိစ္စမဟုတ်တော့ပါဘူး။

အင်တာနက် အဆင့်ဆင့်

အင်တာနက်အပေါ် အခုလိုမျိုး သီးခြားစီ ခွဲခြားအသုံးပြုလာကြခြင်းရဲ့ နောက်ခံအကြောင်းတရားကို စာရေးဆရာ ဂစ်ဒီယွန်ရို့စ်က သူ့ရဲ့ World Wide War စာအုပ်မှာ (ကျနော်တို့ အားလုံးသိတဲ့ World Wide Web – www မဟုတ်ပါဘူး) အသေးစိတ် ရှင်းလင်းပြထားပါတယ်။ သူကအင်တာနက်ရဲ့ အရွယ်ကို အဆင့်လေးဆင့် ခွဲခြားလိုက်ပါတယ်။ ပထမဆုံးအဆင့်မှာ အမေရိကန်ပြည်ထောင်စုက အင်တာနက်သန္ဓေသားကို စတင်မွေးဖွားပေးခဲ့တာပါ။ ဒုတိယအ ဆင့်မှာတော့ လူမမည် အင်တာနက်လေး ကြီးပြင်းလာစေဖို့အတွက် အရပ်ကူပါ၊ လူဝိုင်းပါဆိုပြီးရှိသမျှ အဖွဲ့အစည်းအားလုံးရဲ့ အကူအညီကို တောင်းခံရယူခဲ့တာပါ။ အင်တာနက်ကွန်ရက်ထဲကို ရှိသမျှ လူတိုင်း၊ အဖွဲ့အစည်းတိုင်း လွတ်လပ်တတ်ကြွစွာ ပါဝင်လုပ်ဆောင်ခွင့် ရရှိခဲ့ကြပြီး အင်တာနက်က ကမ္ဘာအနှံ့ ခြေဆန့်နိုင်၊ ကြီးပြင်းလာနိုင်ခဲ့ပါတယ်။

ဒီအဆင့်ကအင်တာနက်ရဲ့ ရွှေခေတ်ပါလို့ အဲဒီစာအုပ်မှာဖော်ကျူးထားပါတယ်။ ၁၉၉၀ ပြည့်နှစ်ကာလတွေကို ဆိုလိုတာပါ။ တတိယအဆင့်မှာတော့ အရွယ်ရောက်ပြီးသား အင်တာနက်ကို ဘယ်သူကမှ ထိန်းချုပ်မထားဘဲ လွှတ်ထားလိုက်ပါတယ်။ တစ်ကမ္ဘာလုံးက အင်တာနက်သုံးစွဲသူတွေကသာ အလိုလို ထိန်းချုပ် မောင်းနှင်သွားလိမ့်မယ်လို့ ယုံကြည်ထားခဲ့ကြပါတယ်။

ဒါပေမဲ့ လက်ရှိကျွန်တော်တို့ ခေတ်မှာတော့ ဒီယုံကြည်ချက်က မိုက်မဲရာကျနေပြီဆိုတာ သဘောပေါက် လာခဲ့ကြပါပြီ။ အင်တာနက်ဆိုတာ တစ်နေ့ကို ရွှေဥတစ်လုံး ပုံမှန်ဥပေးနေကျဖြစ်ပေမယ့် ရလေလိုလေ အိုတစ္ဆေဖြစ်နေကြသူတွေက ရွှေဥတစ်လုံးတည်းနဲ့ မကျေနပ်နိုင်ကြတော့ပါဘူး။ ငန်းရဲ့ ဗိုက်ကိုပါခွဲပြီး ရသလောက် နှိုက်ချင်နေကြပါပြီ။ ဒီလို လုပ်ရပ်တွေကို ကာကွယ်တားဆီးဖို့ ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။ အစိုးရတွေမှာလား၊ ထိပ်တန်း နည်းပညာကုမ္ပဏီကြီးတွေမှာလား ဒါမှမဟုတ် တစ်ဦးတစ်ယောက်ချင်းစီမှာလား။

အင်တာနက်ကို ဘယ်သူက အကာအကွယ်ပေးမလဲဆိုတဲ့ မေးခွန်းကို လာမယ့် (၂၀၂၀)ခုနှစ်ထဲမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ အနှေးနဲ့အမြန်ဆိုသလို အဖြေရှာကြရတော့မှာပါ။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အင်တာနက်ကို ကာကွယ်ပေးရလောက်အောင် ဘယ်အရာကမှ မတတ်စွမ်းနိုင်တော့တဲ့အခါ ကိုယ့်အရပ် ကိုယ့်ဇာတ်နဲ့ အလုပ်ဖြစ်မယ့် ဆေးမြီးတိုတွေကိုပဲ ကြိတ်မှိတ်မြိုကြ ရတော့မှာပါ။ အဲဒါတွေကတော့ Splin-ternet တွေပါပဲ။

အကြောင်းတရားများ

အင်တာနက်ကို အကွဲကွဲအပြားပြားနဲ့ အကန့်လိုက်ဖြစ် သွားစေမယ့် အဓိကအကြောင်း တရားကတော့ သူ့ရဲ့ နည်းပညာကိုယ်တိုင်ပါပဲ။ စံနှုန်းသတ်မှတ် ချက်တွေ ထုတ်ပြန် သတ်မှတ်ထားကြပေမယ့် ထုတ်ကုန်တိုင်းက ဒါတွေကို အတိအကျ လိုက်နာနေကြတာ မဟုတ်ပါဘူး။ ဒါကြောင့် အဲ့ဒီ မတူညီတဲ့ထုတ်ကုန်တွေနဲ့ အင်တာနက် အသုံးပြုတဲ့အခါ မတူညီကွာဟချက်တွေ ရှိလာတတ်ပါတယ်။

ဒီလိုမျိုး အက်ကြောင်းလေး တွေကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ သပ်လျှိုပြီး ခွဲခြမ်းပစ်လိုက်တာကတော့ စီးပွားရေး အကျိုးအမြတ်တွေကြောင့်ပါ။ အမှတ်တံဆိပ်တစ်မျိုးနဲ့ နည်းပညာထုတ် ကုန် တစ်ခုကို သုံးစွဲတဲ့အခါ အဲဒီအမှတ်တံဆိပ် တစ်ခုတည်းရဲ့ ဒါမှမဟုတ် ဆက်စပ်အမှတ် တံဆိပ်တွေရဲ့ ဝန်ဆောင်မှုတွေကိုပဲ ရယူသုံးစွဲ နိုင်တော့မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Apple ရဲ့ ဝန်ဆောင်မှုတွေကို ကြည့်နိုင်ပါတယ်။ အခြားသော နည်းပညာပစ္စည်းတွေက လည်း အလားတူပါပဲ။ ဒါကြောင့် အတ္တလန္တိတ် မဂ္ဂဇင်းဆောင်းပါးရှင် ဒဲရက်သွမ်ဆင်က “နည်းပညာ ပစ္စည်းတိုင်းမှာ ခင်ဗျားကို သူတို့ အဝန်းအဝိုင်းလေးထဲမှာပဲ ချုပ်နှောင်ထားဖို့ လျှို့ဝှက်အစီ အစဉ်တွေ ရှိနှင့်ပြီးသားဗျ” လို့ဆိုခဲ့တာပါ။

နောက်ထပ် အရေးအပါဆုံး အကြောင်း တရားကြီးတစ်ခုကတော့ နိုင်ငံရေး ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ သန္ဓေတည်ခဲ့တဲ့ အင်တာနက်ရဲ့ အသွေးအသားထဲမှာ အမေရိကန် နိုင်ငံရေး အတွေးအခေါ်တွေ ဖြစ်တဲ့ လစ်ဘရယ်ဝါဒနဲ့ အရင်းရှင်ဝါဒက အမြစ်စွဲပြီးသားပါ။ အင်တာနက်ပေါ်က နိုင်ငံရေးအကြောင်းအရာတွေကို အကဲဖြတ်တဲ့အခါ သိသိကြီးနဲ့ ဖြစ်စေ၊ မသိလိုက် မသိဘာသာဖြစ်စေ ဒီအယူဝါဒတွေအတိုင်း ချိန်ထိုးအကဲဖြတ် တတ်ကြပါတယ်။ အမေရိကန် ဒီမိုကရေစီ အမြစ်မတွယ်နိုင်သေးတဲ့ နေရာတွေကို အင်တာနက်က အရင် ရောက်နှင့်သွားတဲ့အခါမှာတော့ ဒီချိန်ခွင်ကိုသဘော မတွေ့နိုင်ကြတော့ပါဘူး။ ဒီလိုနဲ့ သူ့နေရာနဲ့သူ ပြုပြင်မွမ်းမံထားတဲ့ Splinternet တွေ ပေါ်ပေါက်လာပါတော့တယ်။

၂၀၁၃ ခုနှစ် မေလထဲမှာ အ မေရိကန်ပြည်ထောင်စု အမျိုးသား လုံခြုံရေးအေဂျင်စီရဲ့ ဝန်ထမ်းဟောင်း အက်ဒ်ဝါ့ဒ် ဆနိုဒန်က သူ့အစိုးရရဲ့ စုံစမ်းထောက်လှမ်းရေး အစီအမံတွေအကြောင်း တလောကလုံး သိအောင် ဖွင့်ချပြခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာ ရှိသမျှ လူတွေကို အင်တာနက် အသုံးပြုပြီး စုံစမ်းထောက်လှမ်းနေတဲ့ ဒီအစီအမံတွေအကြောင်း သိရှိပြီးချိန်မှာကျန်တဲ့ အစိုးရတွေကလည်း အိပ်ငိုက် မနေကြတော့ပါဘူး။ သက်ဆိုင်ရာ နိုင်ငံအလိုက် အတားအဆီး၊ အကာအကွယ်တွေ လုပ်ဆောင်ကြရပါတော့ တယ်။ ဒါကြောင့် တလောကလုံး အကျိုးအတွက် ရည်ရွယ်ထားတဲ့ အင်တာနက်ခမျာ မလူးသာ မလွန့်သာဖြစ်ပြီး သက်ဆိုင်ရာ တိုင်းပြည်အလိုက် ပုံပြောင်းသွားရပါတော့တယ်။ အထင်ရှားဆုံး ဥပမာကတော့ ဘရာဇီးနိုင်ငံပါ။ အကာအကွယ်၊ အတားအဆီးအပြည့်နဲ့ ဘောင်ခတ်ထားမယ့် အမျိုးသား အင်တာနက် အစီအစဉ်အကြောင်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ သမ္မတ ဒီမား ရူးဆတ်က လူသိထင်ရှား ကြေညာခဲ့ပါတယ်။

ဘာသာရေးအရဖြစ်စေ၊ လူတစ်စုရဲ့ အကျိုးစီးပွားအတွက် ဖြစ်စေ အင်တာနက်ကို ကန့်သတ်ခွဲခြားချင်တဲ့ အခြားသော အကြောင်းတရားများစွာ ကျန်ရှိနေပါသေးတယ်။ ကျယ်ပြန့်လွန်း တာနဲ့အမျှ ရှုထောင့် အမျိုးမျိုး ပါဝင်ပတ်သက်နေတာကြောင့် အကောင်းအဆိုးပြောဖို့တော့ ခက်ခဲလွန်းလှပါတယ်။

မနက်ဖြန်များစွာ “ခမ်းနားကြီးကျယ်တဲ့ လူ့အဖွဲ့အစည်းတိုင်းက ပြင်ပကျူးကျော် မှုတွေကြောင့် ပျက်စီးရတာ မဟုတ်ပါဘူး၊ အတွင်းက လှိုက်စားပြီးတော့သာ ပြိုကွဲပျက်စီးသွားကြရတာပါ” လို့ စာရေးဆရာမအေရီယယ် ဒူးရန့်က ဆိုခဲ့ဖူးပါ တယ်။ ခင်ပွန်းသည်နဲ့အတူ သမိုင်းရဲ့ လူ့အဖွဲ့အစည်းတိုင်းကို သုတေသနပြုလုပ်ပြီး “The Story of Civilizations” စာအုပ်ကြီးကို ရေးသားခဲ့လို့ ဇနီးမောင်နှံနှစ်ဦးစလုံးကို ပူလစ်ဇာဆုချီးမြှင့်ခြင်းခံထားရသူပါ။ အထက်ပါ စကားအတွက် အသိသာ အထင်ရှားဆုံး ဥပမာက ခမ်းနားကြီး ကျယ်ခဲ့တဲ့ ရောမအင်ပါယာကြီး ဖြစ်နေဆဲပါပဲ။

ဒါဖြင့် လူ့သမိုင်းတလျှောက် အခမ်းနားဆုံး၊ အကြီးကျယ်ဆုံးလို့ ခေါ်ဆိုနိုင်မယ့် အင်တာနက် လူ့အဖွဲ့အစည်းကြီးအတွက်ရော ဒီစကားက မှန်ကန်နိုင်ပါ့မလား။ အကယ်၍ မှန်သွားခဲ့သည်ရှိသော် အင်တာနက်ကို အသုံးပြုပြီး တလောကလုံးရဲ့ အကျိုးစီးပွား၊ တရားမျှတမှုကို ဆောင်ကြဉ်းကြ မယ်လို့ ကြွေးကြော်နေကြတဲ့ ကျွန်တော်တို့ မျိုးဆက်တွေရဲ့ မျှော်လင့်ချက်ကိုကော ဘယ်နေ ရာမှာ ပြန်ရှာကြရမှာလဲ။ အပိုင်းလိုက်၊ အကန့်လိုက် ပိုင်းခြားခံ လိုက်ရတဲ့ Splinternet ခေတ်ကြီးမှာ လောကကြီးက ဘယ်လိုပုံပေါက်နေမှာပါလဲစသဖြင့် မေးခွန်းတွေက မတွေးရဲစရာတွေ ချည်းပါပဲ။

လာမယ့် (၂၀၂၀) ခုနှစ်မှာ Splinternet တွေ အရှိန်အဟုန်နဲ့ ထွန်းကားလာလိမ့်မယ်လို့ The Verge ကတော့ ခန့်မှန်းထားပြီးပါပြီ။ ကျွန်တော်တို့ တစ်ယောက်ချင်းစီရဲ့ မနက်ဖြန်များစွာအတွက်တော့ “ကိုယ့်ဘာသာ ကိုယ်ပဲ ပြင်ဆင်ထားကြ” ဆိုတဲ့ အဖြေကသာ အကောင်းဆုံးဖြစ်နေမယ်လို့ ယူဆလက်ခံလိုက် ရပါတော့တယ်။။

-လုကာကျော်
မှီငြမ်း။ The Verge၊ Wiki၊ CNBC