Spectre အားနည်းချက်ပြင်ဆင်ထားတဲ့ iOS နဲ့ macOS update များ Apple ဖြန့်ချိ

ခေတ်ပေါ်ပရိုဆက်ဆာတိုင်းမှာရှိတဲ့ လုံခြုံရေးအားနည်းချက်တွေဖြစ်တဲ့ Meltdown နဲ့ Spectre အချက်အလက်တွေဟာ ပြီးခဲ့တဲ့အပတ်က ထွက်ပေါ်လာပါတယ်။ အခုဆိုရင် Apple ဟာ Spectre အားနည်းချက်ကို ပြင်ဆင်ထားတဲ့ software update နှစ်ခုကို ဖြန့်ချိခဲ့ပါတယ်။ iOS 11.2.2 နဲ့ macOS High Sierra 10.13.2 တွေကို ကိုက်ညီတဲ့ထုတ်ကုန်တွေအတွက် အခမဲ့ ရယူနိုင်ပါတယ်။

iPhone နဲ့ iPad အတွက် ဖြန့်ချိထားတဲ့ iOS 11.2.2 မှာပါဝင်တဲ့ လုံခြုံရေးပြင်ဆင်ချက်အသေးစိတ်ကို မသိရပေမယ့် Safari နဲ့ Webkit မှာ Spectre ရဲ့ သက်ရောက်မှုတွေ လျော့ကျအောင် ပြုလုပ်ပေးနိုင်တယ်လို့ Apple ကပြောပါတယ်။ Meltdown အားနည်းချက်ကို iOS 11.2 မှာပြင်ဆင်ခဲ့ပေမယ့် Spectre အတွက် hardware ပိုင်းပြင်ဆင်မှု မရှိတာကြောင့် iOS 11.2.2 ကို သင့်တော်တဲ့ ထုတ်ကုန်အားလုံးအတွက် over-the-air update ကို Apple က ဖြန့်ချိပေးခဲ့တာ ဖြစ်ပါတယ်။ iOS 11.2.2 ကို iPhone 5s နဲ့အထက် ထုတ်ကုန်တွေအပြင် iPad Air နဲ့အထက် ထုတ်ကုန်တွေနဲ့ iPod touch ဆဋ္ဌမမျိုးဆက်တို့မှာ အသုံးပြုနိုင်ပါတယ်။ ထုတ်ကုန်ရဲ့ Settings > General က Software Update ကနေ update ကို download ပြုလုပ်နိုင်ပါတယ်။

macOS High Sierra 10.13.2 အတွက် ထပ်ဆောင်း update ကိုလည်း Apple က ဖြန့်ချိလိုက်ပါတယ်။ အဲဒီ update မှာ Spectre အားနည်းချက်ကို ပြင်ဆင်ဖို့ Safari ကိုပြင်ဆင်ထားပါတယ်။ အရင်ကလည်း Apple က macOS High Sierra 10.13.2 ရဲ့ ပထမဆုံး update မှာ Meltdown အားနည်းချက်ကို ပြင်ဆင်ပေးခဲ့ပါတယ်။ သင့်တော်တဲ့ ထုတ်ကုန်အားလုံးအနေနဲ့ Mac App Store ကနေ ထပ်ဆောင်း update ကို download လုပ်နိုင်ပါပြီ။ OS X El Capitan 10.11.6 နဲ့ macOS Sierra 10.12.6 အသုံးပြုနေကြတဲ့ Mac ထုတ်ကုန်တွေအတွက် Safari 11.0.2 update ကိုလည်း ဖြန့်ချိထားပါတယ်။ Safari update မှာလည်း Sepctre အားနည်းချက်ကို ပြင်ဆင်ထားပါတယ်။

ပြီးခဲ့အပတ်က Meltdown နဲ့ Spectre အားနည်းချက်နဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ချက်ကို Apple က ထုတ်ပြန်ခဲ့ပါတယ်။ Mac နဲ့ iOS ထုတ်ကုန်တွေအားလုံး အဲဒီလုံခြုံရေးအားနည်းချက်တွေ ရှိတယ်လို့ Apple ကထုတ်ပြန်ခဲ့ပေမယ့် ထိခိုက်နစ်နာသူ အရေအတွကကို ကုမ္ပဏီက မသိရှိသေးပါဘူး။ Apple ဟာ အရင် update တွေမှာ Meltdown အားနည်းချက်ကို ပြင်ဆင်ထားပြီးဖြစ်တဲ့အတွက် အခု update တွေမှာ ကျန်နေတဲ့ Spectre အားနည်းချက်ကို ပြင်ဆင်ပေးခဲ့ပါတယ်။ လုံခြုံရေးပြဿနာတွေကို ရှောင်လွှဲနိုင်ဖို့ အတည်ပြုထားတဲ့ source တွေက software ကို download ပြုလုပ်ဖို့ Apple ကအကြံပေးထားပါတယ်။ Meltdown နဲ့ Spectre အားနည်းချက်တွေဟာ Apple Watch မှာမသက်ရောက်ဘူးလို့ Apple က ထုတ်ြပန်ထားပါတယ်။

စိုးထက်
Ref: ArsTechnica