Sony Xperia 5 Plus ဓာတ်ပုံတွေ ထွက်ပေါ်လာ

Sony ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက Xperia 5 ကိုမိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်မှာ Xperia 5 Plus ကိုလည်း မိတ်ဆက်ဖွယ်ရှိပြီး CAD သရုပ်ဖော်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။

Xperia 5 Plus မှာ စတုရန်းဒီဇိုင်းပဲ အသုံးပြုထားပြီး ၆.၆ လက်မ OLED display ပါဝင်လာနိုင်ကာ ဘေးဘောင်တွေ သေးငယ်ပါတယ်။ စမတ်ဖုန်းမှာ ရှေ့စပီကာ ၂ လုံးနဲ့ အထူက ၈.၁ မီလီမီတာ ရှိပါတယ်။

Xperia 5 Plus ဟာ Xperia 5 လိုပဲ ပါဝါခလုတ် ညာဘက်မှာ ပါဝင်ပြီး fingerprint reader ကို ထည့်သွင်းထားပါတယ်။ ညာလက်ခြမ်းမှာ အသံနဲ့ ကင်မရာခလုတ်တို့ ပါဝင်လာပါတယ်။

ဘယ်ဘက်ခြမ်းမှာ SIM Card ပေါက်ပါဝင်ကာ အောက်ခြေမှာ USB-C port ပါဝင်လာပါတယ်။ Xperia 5 မှာ 3.5mm နားကြပ်ပေါက် မပါဝင်ပေမယ့် Plus မှာတော့ ပါဝင်လာပါတယ်။

Xperia 5 Plus ရှေ့ကင်မရာကတော့ 8MP ဖြစ်ပြီး ကျောဘက်မှာတော့ ကင်မရာ ၄ လုံး ပါဝင်လာပါတယ်။ ကျောဘက်ကင်မရာမှာ ToF ယူနစ်လည်း ပါဝင်လာတာ တွေ့ရပါတယ်။

Xperia 5 Plus ရဲ့ အသေးစိတ် အချက်အလက်ကိုတော့ မသိရသေးပါဘူး။ Xperia 5 မှာ Snapdragon 855 SoC အသုံးပြုထားတဲ့အတွက် Plus မှာလည်း Snapdragon 865 အသုံးပြုဖွယ်ရှိပါတယ်။

စိုးထက်
Ref: GSMArena