Sony PlayStation 5 ဓာတ်ပုံတွေ ထွက်ပေါ်လာ

Sony အနေနဲ့ ၂၀၂၀ ခုနှစ် အားလပ်ရက်ရာသီမှာ ဈေးကွက်တင်သွင်းရောင်းချမယ့် PlayStation 5 ဂိမ်းစက် ဓာတ်ပုံတွေဟာ ပေါက်ကြားထွက်ပေါ်လာပါတယ်။

Sony PlayStation 5 ဂိမ်းစက်က V ပုံသဏ္ဍာန်ဒီဇိုင်း အသုံးပြုထားပါတယ်။ ဒီဇိုင်းက ရောမကိန်းဂဏန်း နံပါတ်ငါး သင်္ကေတကို ကိုယ်စားပြုထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံတွေထဲက PlayStation 5 ဂိမ်းစက်မှာ ခလုတ်အမျိုးမျိုး ပါဝင်သလို USB port (၆) ခုနဲ့ ဂိမ်းစက်ညာဘက်မှာ ကင်မရာတစ်ခုပါဝင်လာပါတယ်။ ကင်မရာနဲ့ 4K live-streaming လွှင့်နိုင်ဖွယ်ရှိပါတယ်။

အခု ဓာတ်ပုံတွေက Sony ရဲ့ PlayStation 5 Developers Kit ဖြစ်တယ်လို့ LetsGoDigital ကဖော်ပြခဲ့ပါတယ်။

ဂိမ်းစက်ကျောဘက်မှာ On Standby, Reset, Eject, System Initialization နဲ့ Network Initialization စတဲ့ ခလုတ် ၅ ခုလည်း ပါဝင်လာပါတယ်။

ခလုတ်တွေအောက်မှာ disk drive ပါဝင်ပြီး Blu-ray disc တွေထည့်သွင်းကြည့်ရှုနိုင်ပါတယ်။

ဒါ့အပြင် ဂိမ်းစက်ရဲ့ညာဘက်မှာ USB port ၆ခုနဲ့ On/Off ခလုတ်အဝိုင်းလေးပါဝင်လာပါတယ်။

PlayStation 5 ဂိမ်းစက် သရုပ်ဖော်ပုံက ဒီလ အစောပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့ မူပိုင်ခွင့်တင်တဲ့ ပုံတွေနဲ့ အတော်ဆင်ပါတယ်။

ဂိမ်းစက်မှာပါဝင်တဲ့ အချက်ပြမီးလေးတွေမှာ 7-6-5-4-3-2-1-0 ဆိုတဲ့ ဂဏန်းတွေပါဝင်လာပါတယ်။

အဲဒီကိန်းဂဏန်း အချက်ပြမီးတွေက status မီးလုံးတွေဖြစ်ပြီး Status 2 နဲ့ Status 1 စတဲ့ အခြေအနေကို ပြသပေးတယ်လို့ LetsGoDigital ကရှင်းလင်းပြောကြားခဲ့ပါတယ်။

Sony PlayStation 5 ဟာ hardware ပိုင်းအဆင့်မြှင့်တင်ထားပြီး ပိုမိုကောင်းမွန်တဲ့ ရုပ်ထွက်နဲ့ ဂိမ်းခလုတ်တွေက တုန်ခါမှုနည်းလမ်းကိုလည်း အပြောင်းအလဲ ပြုလုပ်ထားပါတယ်။

PlayStation 5 ဂိမ်းခလုတ်က ဂိမ်းကစားတဲ့အခါမှာ ပိုမို ကြီးကျယ်ခမ်းနားပြီး နက်ရှိုင်းတဲ့ ခံစားမှုကိုပေးနိုင်မယ်လို့ Sony ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ ဂျင်မ်ရိုင်ယန်ကပြောခဲ့ပါတယ်။

စိုးထက်
Ref: DailyMail