Sonic Forces

Sonic အဖွဲ့ကနေ ဖန်တီးပြီး Sega ကနေ ဖြန့်ချိလာတဲ့ ဂိမ်းအသစ် တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အထူးသဖြင့်တော့ ကျွန်တော်က PS4 သီးသန့် အတွက်လောက်ပဲ အဆင်ပြေမယ့် ဂိမ်းမျိုးထက် Platform မျိုးစုံနဲ့ ကစားနိုင်မယ့် ဂိမ်းတွေကို မိတ်ဆက်ပေးချင်တာကြောင့် အခုတပတ်အတွက် Sonic Forces ကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ Windows စနစ်နဲ့လည်း အဆင်ပြေမယ်၊ Nintendo Switch နဲ့လည်းရမယ်၊ PS4 နဲ့ရော Xbox One နဲ့ရော အားလုံးနဲ့ အဆင်ပြေပြေ ကစားနိုင်မယ့် ဂိမ်းအသစ် ဖြစ်ပါတယ်။

Sonic the Hedgehog ရဲ့ နောက်ဆက်တွဲ အဖြစ် ထွက်ရှိလာတာပါ၊ ကမ္ဘာကို Doctor Eggman နဲ့ သူ့ရဲ့ စက်ရုပ် Infinite တို့က သိမ်းယူထားမှုကို အခုဇာတ်ကောင် Sonic အနေနဲ့ ဝင်ရောက်ချေမှုန်း အောင်မြင်အောင် ကစားရမှာ ဖြစ်ပါတယ်။ရှေ့ထွက် Sonic ဂိမ်းတွေထဲက လိုပဲ Classic နဲ့ Modern ပုံစံ နှစ်ခု ရွေးချယ် ကစားနိုင်ပါမယ်။

ထူးခြားချက်က အခုဂိမ်းရဲ့ ရုပ်ထွက်က ပိုကောင်းလာ ပါတယ်။ Sega Genesis ထဲက ဘေးတိုက် အမြင်ပုံစံထက်သာ တယ်၊ Sonic Unleashed နဲ့ Sonic Colors တွေထဲကလို သုံးဖက်မြင် ရုပ်ထွက်နဲ့ ဖြစ်လာလို့ ဇာတ်ကောင်ရဲ့ ကစားကွက်တွေက အရမ်းကို ပီပြင်ကောင်း မွန်လာတာပဲ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားချက်တစ်ခုက အထက်မှာပြောခဲ့သလို Classic နဲ့ Modern တွေအပြင် နောက်ထပ် ပုံစံသစ် Avatar ပါလာပြီး ပုံစံ ၃ ခုထိအောင် စိတ်ကြိုက်ရွေးချယ် ကစားလာနိုင်တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၇ ရက်နဲ့ ၉ ရက်တွေမှာ နိုင်ငံတကာ ဈေးကွက်ကို Platform ၄ ခုလုံးနဲ့ ကစားနိုင်အောင် ဖြန့်ချိထားပြီ ဖြစ်တဲ့ အခုဂိမ်းက ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇူလိုင်ကတည်းက မိတ်ဆက်ထားတာ ဖြစ်ပေမယ့် Platform စုံအောင် ကစားနိုင်ဖို့ ပြင်ဆင်နေလို့ နောက်ကျနေ ပြီး အခုမှကစားနိုင်လာတာ ဖြစ်ပါတယ်။ စွန့်စားခန်းသဘောကျတဲ့ ကစားသမားတွေ အတွက်ကတော့ စိတ်ကြိုက်ဖြစ်မှာပါ။

ရှေ့ထွက် ဂိမ်းတွေထဲကနဲ့ စာရင်အခုဂိမ်းမှာ ကစားသူက အားဖြည့်နေရာ၊ အားဖြည့်ရေခွက်နဲ့ ထူးခြားဖိနပ် ရရှိချိန်တွေမှာ အမြန်ပြေးနိုင်မယ်။ ကစားသမားရဲ့ Level က အဓိက ရန်သူဖြစ်တဲ့ စက်ရုပ်နဲ့ Doctor Eggman ဖန်တီးထားတဲ့ အခက်အခဲကို အောင်မြင်အောင် ကျော်ဖြတ်ပြီးတိုင်း အဆင့်တက်လာမယ်၊ စွမ်းဆောင်ရည်ရော ခံနိုင်ရည်ပါ မြင့်တက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကစားသူက အဆင့်တွေတိုင်းမှာ Ring တွေကို ရမယ်၊ စုထားရမယ်၊ လိုအပ်ရင် ပြန်သုံးမယ်၊ အရင်ဂိမ်းတွေမှာက သုံးပြီးသား Ring တွေက အချိန်သတ်မှတ်ချက် တစ်ခုမှာ ပြန်ရပေမယ့် အခုဂိမ်းမှာတော့ သုံးပြီးသား Ring ရဲ့ စွမ်းအင်တွေက ကုန်သွားပြီ ဖြစ်လို့ Ring ပြန်မရတော့ပါဘူး။ Ring တွေ ထိန်းသုံးဖို့ လိုအပ်လာပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ ပြန်ပြီးခံသာသွားတာက ကစားသူဟာ အသက်ကို အကန့်အသတ် မရှိရနေမှာ ဖြစ်ပါတယ်။ သေပြီးရင်လည်း အချိန်တစ်ခုပြီးရင် အသက် ပြန်ရပါလိမ့်မယ်။

အခုဂိမ်းမှာ အသစ်ပါလာတယ်လို့ အထက်မှာ ပြောခဲ့တဲ့ Avatar အကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ ကစားသူက သူ့စိတ်ကြိုက် Character ကို ဖန်တီးကစားနိုင် လာပါတယ်။ Auto အနေနဲ့ ဂိမ်းက ချပေးတဲ့ ကစားသမားကို ၀င်ကစားရမှာ မဟုတ်ဘဲ စွမ်းဆောင်ရည်မတူတဲ့ Animal ၇ ခု အပေါ်ကို မူတည်ပြီး မိမိအားသန်ရာ ဇာတ်ကောင်ပုံစံကို ဖန်တီးကစားနိုင်လာတာ ဖြစ်ပါတယ်။ Spell တွေကို မိမိလိုချင်ရာ ရွေးချယ် ကစားနိုင် လာသလို ဖြစ်ပါတယ်။ အသက်ဘယ်လောက်ပဲဆိုတဲ့ အကန့်အသတ်မရှိလို့ သေပြီးရင်လည်း ခဏစောင့်ပြီး ပြန်ကစားနိုင်ပေမယ့် Ring တွေ ချွေတာသုံးရမယ်၊ ရန်သူစက်ရုပ်က မထင်မှတ်လောက်အောင် စွမ်းအင်မြင့်မားနေလို့ မနိုင်နိုင်အောင် ကစားမယ်ဆိုတဲ့ စိတ်မရှိရင်တော့ Sonic Forces ကို အနိုင်ရဖို့တော့ မလွယ်ဘူးလို့ဘဲ ပြောချင်ပါတယ်။

-သက်နိုင်ဦး (UCSL)