Snapdragon 855 Plus ( 855+ ) Processor

Snapdragon 855 Plus ( 855+ ) ကို Qualcomm ကနေ ဒီဇိုင်းထုတ်ထားပြီး ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းမှာ မိတ်ဆက်ပေးခဲ့တဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ 64-bit ARM LTE ချစ်ပ်ဖြစ်ပါတယ်။ Qualcomm® Snapdragon ™ 855+ မိုဘိုင်းပလက်ဖောင်းကို ဂိမ်းကစားခြင်းအတွက် တည်ဆောက်ထားတာဖြစ်ပြီး စွမ်းဆောင်ရည်မြင့်မားခြင်း၊ ဂရပ်ဖစ်ပိုင်း ပိုမိုတိုးတက်ခြင်းအပြင် CPU ရဲ့ စွမ်းဆောင်ရည်မြင့်မားမှုတွေနဲ့ 4G နဲ့ 5G ဆက်သွယ်မှုတို့အတွက်ကိုပါ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။

Snapdragon 855+ မိုဘိုင်းပလက်ဖောင်းက မိုဘိုင်းဂိမ်းအတွက် ၁၅% ပိုမိုမြန်ဆန်တဲ့ဂရပ်ဖစ် rendering နဲ့ Snapdragon 855 စံသတ်မှတ်ချက်ထက် ပိုမိုမြင့်မားတဲ့ CPU စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်တယ်လို့ Qualcomm က ဆိုထားပါတယ်။ Snapdragon 855+ ချစ်ပ်က multi-gigabit 4G ဆက်သွယ်မှုကို အသုံးပြုနိုင်တဲ့အတွက် အဆင့်မြင့် 5G အတွေ့အကြုံကိုလည်း ရရှိနိုင်မှာလည်းဖြစ်ပါတယ်။

7nm ချစ်ပ်အမျိုးအစားဖြစ်ပြီး 855+ processor မှာ 1.8 GHz အမြန်နှုန်းနဲ့ လုပ်ဆောင်နိုင်တဲ့ Kryo 485 silver high-performance core လေးခု ပါဝင်သလို အမြန်နှုန်း 2.42 GHz နဲ့ လုပ်ဆောင်နိုင်တဲ့ Kryo 485 Gold core သုံးခုနဲ့ အမြန်နှုန်း 2.84 GHz နဲ့ လုပ်ဆောင်နိုင်တဲ့ အခြား အဆင့်မြင့်စွမ်းဆောင်ရည် Kryo 485 Gold core တစ်ခု ပါဝင်ပါတယ်။

နောက်ပြီး Snapdragon 855 က Adreno 640 GPU ကို ပေါင်းစပ်ပြီး 700 MHz နှုန်းနဲ့ လုပ်ဆောင်လည်ပတ်နိုင်ပြီး ဒီချစ်ပ်မှာ Cat 20 uplink နှင့် Cat 20 downlink ကို ထောက်ပံ့ပေးနိုင်တဲ့ X24 LTE modem လည်းပါရှိပါတယ်။ ဒီချစ်ပ်က quad-channel LPDDR4X-4266 memory ပိုင်းကို 16 GiB အထိ အမြင့်ဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

Snapdragon 855+ က Qualcomm ရဲ့ X50 5G modem (ပြင်ပချစ်ပ်) နဲ့ RF front-end interface ချစ်ပ် (RFFE) တို့နဲ့ တွဲဖက်အသုံးပြုနိုင်ပြီး အဲလိုအသုံးပြုမယ်ဆိုရင်တော့ 5G NR၊ Sub-6 GHz နဲ့ mmWave တွေကိုပါ ထောက်ပံ့ပေးနိုင်ပါသေးတယ်။ 855+ ချစ်ပ်က 855 နဲ့တူတယ်လို့ထင်စရာရှိပေမယ့် GPU နဲ့ CPU ကြိမ်နှုန်းပိုင်းက 855 ချစ်ပ်ထက် အနည်းငယ် ပိုမိုမြင့်မားမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း