SIM Card မှတ်ပုံတင်ရေး ပြည်သူများပူးပေါင်းပါဝင်ရန် နိုင်ငံတော်အတိုင်ပင်ခံတိုက်တွန်း

ပြည်သူတွေအနေနဲ့ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် နေပြည်တော် MICC 2 မှာ ကျင်းပတဲ့ 4th eGOVERNMENT Conference ICT Exhibition အခမ်းအနားမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

လူတိုင်းနီးပါး စမတ်ဖုန်းတွေကို သုံးလာနိုင်တဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်လာနိုင်သလို ရောင်းတာဝယ်တာတွေပါ ဆောင်ရွက်လုပ်ဆောင်လာနိုင်ကြောင်း၊ နေ့စဉ်လူမှုဘဝတော်တော်များများကို ဖုန်းတွေနဲ့ မြန်မြန်ဆန်ဆန်နဲ့ အဆင်ပြေပြေ ဆောင်ရွက်နိုင်လာတာတွေ့ရမှာဖြစ်ကြောင်း၊ အွန်လိုင်းဝန်ဆောင်မှုတွေကို သုံးစွဲကြတဲ့အခါမှာ မိုဘိုင်းဖုန်းနံပါတ်ကိုအသုံးပြုပြီးတော့ မှန်ကန်ကြောင်းကို ပြုလုပ်ကြရကြောင်း၊ ဒီလိုအသုံးပြုကြတဲ့အခါမှာ မိမိဖြစ်ကြောင်း မဖော်ဘဲ၊ မပြောဘဲ အဖျက်အမှောက်လုပ်ငန်း ဆောင်ရွက်လိုသူတွေက ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ရဲ့အားနည်းချက်ကိုအသုံးချပြီး သတင်းတုသတင်းမှားတွေ ဖြန့်ဝေခြင်း၊ အမုန်းစကားတွေဖြန့်ဝေခြင်း၊ ဆိုက်ဘာပြစ်မှုကျူးလွန်ခြင်း စတာ တွေကို ကျူးလွန်နေကြကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဒီလိုဖြစ်စဉ်တွေကို ထိန်းကျောင်းဖို့အတွက် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ကို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အညီ စီမံဆောင်ရွက်လျက်ရှိကြောင်း ဆိုပါတယ်။

“တာဝန်ခံမှုရှိတဲ့ တာဝန်သိမှုရှိတဲ့ ပြည်သူတွေအနေနဲ့ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ကြစေလိုပါတယ်။ ပြည်သူ ပူးပေါင်းပါဝင်လာပါမှ တရားဥပဒေစိုးမိုးရေး အပါအဝင် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တိုးတက်ရေးတွေအတွက် အထောက်အကူဖြစ်မှာမို့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်တာဖြစ်ပါတယ်။ တစ်ဆက်တည်းပြောရမယ်ဆိုရင် ကိုယ်အပြစ်မလုပ်ထားဘူး။ မဟုတ်တာမလုပ်ထားဘူးဆိုရင် အခုစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ဘာမှ ဝန်လေးစရာမလိုပါဘူး။ ကိုယ်ဟာ ဘယ်သူလဲဆိုတာ ဖုံးဖိထားဖို့ရည်ရွယ်ချက်ရှိတယ်။ ဖုံးဖိထားဖို့လိုနေပြီဆိုကတည်းက တစ်ခုခုတော့မမှန်ဘူးဆိုတာ ကျွန်မတို့ကခန့်မှန်းလို့ရပါတယ်” လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။

-ကျော်ဇေယျ၊ အောင်သက်ကို