SIM Card များ စနစ်တကျမှတ်ပုံတင်နိုင်ရေး အတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန အနေနဲ့ SIM Card များ စနစ်တကျမှတ်ပုံတင်နိုင်ရေးအတွက် လိုအပ်တဲ့ Common Database စနစ် တည်ဆောက်နိုင်ရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူလျက်ရှိကြောင်း မေ ၈ ရက် ယမန်နေ့ ညပိုင်းကစပြီး Myanmar National Portal ကနေတစ်ဆင့် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ထုတ်ပြန်ချက်အရ တင်ဒါဖွင့်ဖောက်မည့်ရက် (၂၉-၅-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီ ထက်နောက်မကျဘဲ အိတ်ဖွင့်တင်ဒါ လက်ခံရေးနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့၊ ရုံးအမှတ်(၂)၊ နေပြည်တော်မှာ တင်သွင်းရမှာ ဖြစ်ပြီး တင်ဒါခေါ်ယူတဲ့ ပစ္စည်းတွေဟာ SIM Card များ စနစ်တကျမှတ်ပုံတင်နိုင်ရေးအတွက် လိုအပ်တဲ့ Common Database စနစ် တည်ဆောက်နိုင်ရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူတာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါ၀င်ပါတယ်။

တင်ဒါတင်သွင်းတဲ့ ကုမဏီ (သို့) လုပ်ငန်း ပူးပေါင်းဆောင်ရွက်တဲ့ ကုမ္ပဏီအနေနဲ့ Telecom ကဏ္ဍ၊ Information Technology ကဏ္ဍတို့မှာ Biometric Data အသုံးပြုပြီး ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း (သို့) Biometric Data အသုံးပြုပြီး Verification စနစ်တည်ဆောက်ခြင်း စတဲ့ လုပ်ငန်းအတွေ့အကြုံများ ရှိပါက အထောက်အထားနဲ့ အတူ ထည့်သွင်း တင်ပြနိုင်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါ၀င်ပါတယ်။

အသေးစိတ်ကို Myanmar National Portal မှာ ၀င်ရောက်လေ့လာနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။