SFUx မှ အမြင်အာရုံချို့ယွင်းသူများအတွက် စီးပွားရေးနှင့်စီမံခန့်ခွဲမှုပညာရပ်များကို အခမဲ့သင်ကြားပေး

Strategy First University Extension-SFUx မှ မြန်မာနိုင်ငံရှိ အမြင်အာရုံ ချို့ယွင်းနေသူတွေကို စီးပွားရေးနှင့်စီမံခန့်ခွဲမှုပညာရပ်များ သင်ကြားနိုင်ရန်ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံမျက်မမြင်များအသင်းနဲ့ ပူးပေါင်းပြီး SFUx အွန်လိုင်းသင်တန်းများကို အခမဲ့ စီစဉ်ပေးခဲ့တယ်လို့သိရပါတယ်။

SFUx မှ အမြင်အာရုံချို့ယွင်းနေတဲ့လူငယ်များ အများတန်းတူ စီးပွားရေးနှင့် စီမံခန့်ခွဲမှု ပညာရပ်များကို လေ့လာသင်ယူပြီး အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ဖန်တီးနိုင်ပြီး ကိုယ်ကျိုးနဲ့နိုင်ငံ့အကျိုး ဆောင်ရွက်နိုင်ရန်အတွက် တစ်ထောင့်တစ်နေရာမှ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတစ်ဝန်းမှ အမြင်အာရုံချို့ယွင်းနေတဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး လူငယ်များ၊ တက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသား/သူများ၊ ဘွဲ့ရခါစ လူငယ်များနဲ့ စီးပွားရေးပညာရပ်ကို လေ့လာလိုတဲ့ အမြင်အာရုံချို့ယွင်းနေသူများကို SFUx မှာ စီးပွားရေးနှင့်စီမံခန့်ခွဲမှု အွန်လိုင်းသင်တန်းများကို အခမဲ့တက်ရောက်နိုင်ရန် ထပ်မံ စီစဉ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အကြားအာရုံချို့ယွင်းသူများအတွက်လည်း စီးပွားရေးနှင့် စီမံခန့်ခွဲမှုပညာရပ်များ သင်ယူလေ့လာနိုင်ရန် SFUx မှ သင်ခန်းစာ Video များ စာတန်းထိုးခြင်းတို့ကို Strategy First University မှ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

အမြင်အာရုံချို့ယွင်းသူ‌တွေအတွက်သာ ဖြစ်ပြီး သင်တန်းတွေကိုတော့ မြန်မာနိုင်ငံမျက်မမြင်များအသင်းမှတစ်ဆင့် လျှောက်ထားပြီး အခမဲ့တက်ရောက်နိုင်ပါတယ်။ အသေးစိတ်ကို ဖုန်း – ၀၉၂၆၂၂၄၀၇၈ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««