Samsung Galaxy Z Flip မှာ ပါဝင်လာတဲ့ feature များ

Samsung ဟာ Unpacked ပွဲမှာ Galax Z Flip ကိုမိတ်ဆက်အပြီး ဖေဖော်ဝါရီ ၁၄ ရက်မှာ ခေါက်စမတ်ဖုန်းကို စတင်ရောင်းချခဲ့ပါတယ်။ Motorola Razr ရောင်းချမှုအပြီး တစ်ပတ်အကြာမှာ Galaxy Z Flip ဖုန်း ထွက်ရှိလာပါတယ်။ Razr နဲ့ Galaxy Z Flip ဟာ ဒီဇိုင်းဆင်တူတာ များပေမယ့် မတူညီတဲ့ဖုန်းတွေ ဖြစ်ပါတယ်။

Samsung ရဲ့ Galaxy Z Flip ဖုန်းမှာ အလွန်အံ့အားသင့်စရာ feature တွေပါဝင်လာပါတယ်။ ဖုန်းမှာ ၁.၁လက်မ အရွယ် external display တစ်ခုနဲ့ Flex Mode တို့ပါဝင်လာပါတယ်။ Z Flip မှာ ချိန်ညှိပြုလုပ်နိုင်မယ့် Android 10 settings ပါဝင်လာသလို လက်တစ်ဖက်တည်းနဲ့လည်း အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။

Samsung Galaxy Z Flip မှာ ပထမဆုံး စတင်ပါဝင်လာတဲ့ feature တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Z Flip fingerprint sensor ကို scroll wheel အဖြစ်အသုံးပြုခြင်း

Galaxy Z Flip ကိုလက်တစ်ဖက်တည်းနဲ့ ကောင်းစွာ အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်ထားတယ်။ Samsung ရဲ့ OneUI 2 interface က ခလုတ်‌တွေနဲ့ windows တွေကို လွယ်ကူအောင် ဖန်တီးထားပါတယ်။ ကံကောင်းစွာနဲ့ ဖုန်းရဲ့ဘေးဘက်က fingerprint reader ကို notification drawer ကိုဆွဲချနိုင်မယ့် scroll wheel အဖြစ် ပြောင်းလဲအသုံးချနိုင်အောင်‌ ပြုလုပ်ထားပါတယ်။

အဲဒီ feature ကိုဖွင့်မယ်ဆိုရင်တော့ Settings> Advanced Features > Motions and Gestures > Finger sensor gestures ဆိုတဲ့ slider ခလုတ်ကို ဖွင့်ရပါမယ်။

ဖုန်းကို ဖွင့်လိုက်တဲ့အချိန်မှာ notifications drawer ကိုမြင်တွေ့ဖို့ fingerprint sensor အပေါ်ဘက်ကို ဆွဲရပါမယ်။ ပြီးတော့ control panel ကိုဖွင့်မယ်ဆိုရင် fingerprint sensor ကိုအပေါ်ဘက်ကို ထပ်ဆွဲလိုက်ရုံပါပဲ။

ပါဝါခလုတ်နဲ့ selfie ရိုက်ကူးခြင်း

Galaxy Z Flip ကိုပိတ်ထားတဲ့အခါမှာ selfie ရိုက်ကူးဖို့ ပြင်ပကင်မရာကို ဖွင့်မယ်ဆို ပါဝါခလုတ်ကို tap ၂ ချက် နှိပ်ပါ။ မျက်နှာပြင် ၁.၁ လက်မအရွယ် ဆေးလုံးပုံသဏ္ဍာန် မျက်နှာပြင်ပွင့်သွားပါမယ်။

ဓာတ်ပုံရိုက်ကူးမယ်ဆိုရင်တော့ အသံအတိုး၊ အကျယ်ခလုတ်ကို နှိပ်တာ ဒါမှမဟုတ် ကင်မရာ timer နဲ့ countdown ဖွင့်ဖို့ လက်ကို မြှောက်တာ ပြုလပ်နိုင်ပါတယ်။

ဖုန်းပြင်ပက display အသေးစားကို အသုံးချခြင်း

ဖုန်းကို ပိတ်ထားတဲ့အခါမှာ အပြင်ဘက်က display ကိုအခြားကိစ္စတွေအတွက် အသုံးပြုနိုင်ပါသေးတယ်။ ပါဝါခလုတ်ကို နှိပ်လိုက်ရင် ရက်စွဲ၊ အချိန်နဲ့ ဘက်ထရီအခြေအနေတို့ကို display ကပြသပေးပါတယ်။ လက်ချောင်းနဲ့ swipe လုပ်လိုက်ရင် သတိပေးချက်တွေကို မြင်တွေ့ရပါမယ်။ သတိပေးချက် အစိတ်အပိုင်းတွေကို မြင်ရဖို့ icon တွေကို tap လုပ်လို့ရပါတယ်။ ဖုန်းကို အားသွင်းထားတယ်ဆိုရင် ဘက်ထရီပမာဏနဲ့ ဖုန်းအားပြည့်ဖို့ ကြာမြင့်မယ်အချိန်ကိုလည်း ပြသထားပါတယ်။

Z Flip ကို laptop အဖြစ်ပြောင်းလဲနိုင်မယ့် Flex Mode

Galaxy Z Flip ကို ဘယ်လိုပုံစံမျိုးနဲ့ ဖွင့်နိုင်အောင် ပြုလုပ်ပေးမယ့် ပတ္တာတွေထည့်သွင်းထားပါတယ်။ ဒါ့အပြင် Samsung ကဖုန်းကို တစ်ဝက်ဖွင့်လှန်ထားချိန်မှာ app တချို့အတွက် အသုံးဝင်စေမယ့် feature တွေကို ထည့်သွင်းထားပါတယ်။ Flex Mode နဲ့ YouTube ကိုဖွင့်လိုက်ရင် မျက်နှာပြင်ဝက်ဝက်မှာ ဗီဒီယိုကို ဖွင့်ပြီး အောက်ခြေမျက်နှာပြင်မှာ Google Duo ဗီဒီယိုဖုန်းခေါ်တာ၊ Gallery app ထဲမှာ ဓာတ်ပုံတွေကို ကြည့်တာ၊ selfie ရိုက်ကူးတာ၊ ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ hyperlapse တွေရိုက်ကူးဖို့ tripod အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

Z Flip split-screen app များ

မျက်နှာပြင် ၆.၇ လက်မအရွယ် ရှည်လျားတဲ့ Z Flip မှာ 21:9 aspect ratio အသုံးပြုထားတဲ့အတွက် Android app ၂ ခုကို ထက်အောက်ပုံစံနဲ့ split screen အသုံးပြုနိုင်ပါတယ်။

(၁) သုံးစွဲသူက home screen က recent apps view ကိုသွားပြီး navigation bar ကနေ app တွေရဲ့ ခလုတ်ကို tap လုပ်ပါ။

(၂) ထိပ်ဘက်က app ကိုရွေးချယ်ပြီး app ကိုကြာကြာနှိပ်ပါ။

(၃) ခဏကြာရင် menu တစ်ခုပေါ်လာပါလိမ့်မယ်။

(၄) ပြီးရင် Open in split screen view ကို tap လုပ်ပါ။

(၅) အောက်ခြေမျက်နှာပြင်မှာ ဖွင့်မယ့် ဒုတိယမြောက် app ရွေးချယ်ပေးပါ။

(၆) တကယ်လို့ သုံးစွဲသူ split – screen mode ထဲရောက်သွားတာနဲ့ app တစ်ခုချင်းစီရဲ့ အရွယ်အစားကို ပြန်လည်ချိန်ညှိနိုင်ပါတယ်။

လက်တစ်ဖက်တည်းနဲ့ အသုံးပြုနိုင်အောင် gestures ကိုဖွင့်ခြင်း

Galaxy Z Flip ဝယ်သူတွေ ဖုန်းကို လက်တစ်ဖက်တည်းနဲ့ အသုံးပြုဖို့ gestures အတွက် သမားရိုးကျ Android navigation bar ကိုဖွင့်နိုင်ပါတယ်။

သုံးစွဲသူက gestures ကိုဖွင့်ဖို့

(၁) Settings ကိုသွားပါ။

(၂) Display ကို tap လုပ်ပါ။

(၃) Navigation Bar ကိုရွေးချယ်ပါ

(၄) Full screen gestures ကိုရွေးချယ်ပါ။

သုံးစွဲသူက gestures ကိုအသုံးပြုဖို့ Home ကိုသွားမယ်ဆိုရင် မျက်နှာပြင်အောက်ခြေကနေ swipe လုပ်ပေးရပါမယ်။ ဒါ့အပြင် ဖွင့်ထားပြီးသား app တွေကို ကြည့်ဖို့ swipe လုပ်ရပါမယ်။

YouTube Premium ကို အခမဲ့အသုံးပြုနိုင်ခြင်း

Galaxy Z Flip ကိုဝယ်ယူသူအနေနဲ့ YouTube Premium ကို ၄ လ အခမဲ့ အသုံးပြုနိုင်ပါမယ်။ ကြော်ငြာမပါဝင်တဲ့ YouTube အပြင် YouTube Music ကိုလည်း အခမဲ့အသုံးပြုနိုင်ပါမယ်။

(၁) YouTube app ကိုဖွင့်ပါ။

(၂) ညာဘက်ထိပ်က ကိုယ်ပိုင် profile ကိုဖွင့်ပါ။

(၃) YouTube Premium ရွေးချယ်ပါ။

(၄) ပြီးတော့ Try It Free ခလုတ်ကို နှိပ်လိုက်ပါ။

(၅) သုံးစွဲသူရဲ့ အကြွေးဝယ်ကတ် အချက်အလက်ကို ဖြည့်သွင်းပြီး အခမဲ့စမ်းသပ် သုံးစွဲနိုင်ပါတယ်။

-စိုးထက်
Ref: CNET