Samsung Galaxy S9 ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ပွဲထုတ်မိတ်ဆက်မည်

လူအများ ကာလကြာရှည်စောင့်ဆိုင်းနေကြတဲ့ Galaxy S9 ကို ဖေဖော်ဝါရီ ၂၅ ရက် ဘာစီလိုနာမြို့ Mobile World Congress မှာပြုလုပ်မယ့် အထူးပွဲမှာ တရားဝင်မိတ်ဆက်သွားမယ်လို့ Samsung က ကြေညာခဲ့ပါတယ်။

အဲဒီပွဲကျင်းပမယ့် ဖိတ်စာကို Business Insider ကလက်ခံရရှိခဲ့ပါတယ်။

ဖိတ်စာပုံစံက ရိုးရှင်းပြီး ပွဲကျင်းပမယ့် အကြောင်းအရာနဲ့ ပတ်သက်တဲ့ ကြီးမားတဲ့ သဲလွန်စတစ်ခုကို ဖော်ပြထားပါတယ်။ ဖိတ်စာမှာ အင်္ဂလိပ်ကိန်းဂဏန်း “9” ကို စာလုံးအကြီးနဲ့ ရေးသားထားပါတယ်။

ဒါ့အပြင် ဖိတ်စာမှာ “The camera. Reimagined.” ဆိုတဲ့ ဆောင်ပုဒ်ပါဝင်လာပါတယ်။ ဒါကြောင့် ယခင်ထွက်ရှိခဲ့တဲ့ Samsung Galaxy S8 နဲ့ S9 အကြားက အကြီးဆုံးကွာခြားချက်က ကင်မရာ ဖြစ်လာနိုင်ပါတယ်။

ပေါက်ကြားထွက်ပေါ်လာတဲ့ သတင်းအချက်အလက်တွေအရ Samsung Galaxy S9 ရဲ့ကျောဘက်ကင်မရာမှာ “super slow-mo” နဲ့ “super speed” feature သစ်တွေ ပါဝင်လာနိုင်သလို AKG စတူရီယို စပီကာတွေလည်း ပါဝင်လာဖွယ်ရှိပါတယ်။

မနှစ်ကထွက်ရှိခဲ့တဲ့ Galaxy S8 မှာတော့ အရှေ့ဘက်စပီကာ အားနည်းချက်နဲ့ ပတ်သက်ပြီး လူတွေက အကြီးအကျယ် ဝေဖန်ခဲ့ကြပါတယ်။

စိုးထက်
Ref: BusinessInsider