
Samsung ဟာ Apple ရဲ့လမ်းစဉ်အတိုင်း Galaxy S21 မှာ အားသွင်းတုံး ထည့်မှာ မဟုတ်ဘူးလို့ ကောလာဟလနဲ့ ပေါက်ကြားမှုတွေက ဖော်ပြနေကြပါတယ်။ Samsung ဟာ ဇန်နဝါရီ ၁၄ ရက် မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ Galaxy S21 ကိုမိတ်ဆက်သွားပါမယ်။ နာမည်ကျော် သတင်းအချက်အလက်ဖော်ထုတ်သူ Evan Blass ကလည်း တရားဝင် Galaxy S21 ဝက်ဘ်ဆိုက်ပုံတွေကို ဝေမျှလိုက်ပါတယ်။ ဒါ့အပြင် သူက Samsung စမတ်ဖုန်းအသစ်မှာ အားသွင်းတုံး မပါဘူးလို့ အတည်ပြုခဲ့ပါတယ်။
Evan Blass ဟာ Apple ပွဲမတိုင်ခင်ကလည်း iPhone 12 ဖုန်းကို အပြည့်အစုံ မိတ်ဆက်ခဲ့ဖူးပါတယ်။ ဒါ့အပြင် သူက Galaxy S21 နဲ့ S21 Ultra တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာကိုလည်း twitter မှာ ဖော်ပြခဲ့ပါတယ်။ Galaxy S21 ဖုန်းတွေမှာ ဒီဇိုင်းသစ်၊ 5G ထောက်ပံ့မှုနဲ့ အခြားအဆင့်မြှင့်တင်မှုတွေ ပါဝင်ပေမယ့် အားသွင်းတုံး မပါဘူးလို့ သိရပါတယ်။
— Evan Blass (@evleaks) January 13, 2021
ပုံထဲက ‘Whats in the box’ ဆိုတဲ့ ဝက်ဘ်ဆိုက်ကဏ္ဍမှာ Samsung ဟာ Galaxy S21 ထဲ USB-C ကြိုး၊ SIM ကတ်ထုတ်တဲ့ tool နဲ့ လမ်းညွှန်စာအုပ်ပဲ ပါဝင်မယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်အပေါ် ကူညီဖို့ အားသွင်းတုံး မထည့်တာလို့ Samsung ကပြောထားပါတယ်။ Apple ကလည်း ပြီးခဲ့တဲ့နှစ် Apple Watch ကနေ အားသွင်းတုံးဖယ်ရှားတဲ့ ကိစ္စမှာလည်း အလားတူ ပြောခဲ့ပါတယ်။
-စိုးထက်
Ref: 9to5Mac
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««