Samsung Galaxy S20 စီးရီး ကင်မရာ အသေးစိတ်အချက်အလက် ထွက်ပေါ်လာ

Samsung Galaxy S20+ 5G ဟာ ဖေဖော်ဝါရီ ၁၁ ရက်မှာ မိတ်ဆက်ဖွယ်ရှိပြီး အဓိက အသေးစိတ်အချက်အလက်တွေက Geekbench မှာထွက်ပေါ်လာပါတယ်။

Galaxy S20+ 5G မော်ဒယ်နံပါတ်က SM-G986U ဖြစ်ပြီး One UI 2.0 နဲ့ Android 10 အသုံးပြုထားတယ်လို့ Geekbench မှာဖော်ပြထားပါတယ်။ Galaxy S20 စမတ်ဖုန်းမှာ 12GB RAM အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Geekbench မှာ Galaxy S20 ဖုန်းမှာ kona ပရိုဆက်ဆာ အသုံးပြုထားတယ်လို့ စာရင်းသွင်းထားပါတယ်။ Galaxy S20 ဖုန်းမှာ Snapdragon 865 SoC ပါဝင်လာဖွယ်ရှိပါတယ်။ ကောလာဟလသတင်းတွေအရ S20 ဖုန်းကို ဈေးကွက်ပေါ်မူတည်ပြီး Snapdragon 865 နဲ့ Exynos 990 ထည့်သွင်းမယ်လို့ သိရပါတယ်။ Galaxy S20+ 5G ဟာ Geekbench 5 ရဲ့ single နဲ့ multi-core စမ်းသပ်မှုတွေမှာ ရမှတ် ၉၂၃နဲ့ ၃,၂၆၇ ရရှိထားပါတယ်။

5G မဟုတ်တဲ့ Galaxy S20+ မှာတော့ မျက်နှာပြင် ၆.၇ လက်မ Dynamic AMOLED display ပါဝင်ကာ ကင်မရာ ၄ လုံးနဲ့ဖြစ်ပါတယ်။ ကင်မရာတွေမှာ 64MP ဖုန်းနဲ့ 12MP နှစ်လုံးအပြင် ToF တို့ပါဝင်လာပါတယ်။ ရှေ့ကင်မရာနဲ့ ဗီဒီယိုခေါ်ဆိုမှုအတွက် 10MP ကင်မရာ အသုံးပြုထားပါတယ်။

ပုံမှန် Galaxy S20 ဖုန်းမှာတော့ ToF အစိတ်အပိုင်းနဲ့ ၆.၂ လက်မ မျက်နှာပြင်၊ ရှေ့ကင်မရာ 10MP နဲ့ ဘက်ထရီ 4,000mAh ဘက်ထရီပါဝင်လာပါတယ်။

S20 Ultra မှာတော့ အဓိက ကင်မရာ 108MP နဲ့အတူ 100x Space Zoom နဲ့ 48MP telephoto (10x optical), 12MP ultrawide နဲ့ ToF အစိတ်အပိုင်းတွေ ပါဝင်လာမယ်လို့ သိရပါတယ်။ S20 Ultra ရဲ့ 5G ဗားရှင်းမှာတော့ RAM 12GB နဲ့ 16GB ပါဝင်လာမှာဖြစ်ပြီး storage ဗားရှင်း ၃ မျိုးဖြစ်တဲ့ 128GB, 256GB နဲ့ 512GB ထုတ်လုပ်ပါမယ်။ ဒါ့အပြင် ဖုန်းမှာ microSD ကတ်ပေါက် ပါဝင်ပြီး 1TB အထိ တိုးချဲ့နိုင်ပါတယ်။ S20 Ultra 5G မှာတော့ ဘက်ထရီ 5,000mAh ပါဝင်လာပြီး 45W အားသွင်းမြန်ဆန်စနစ်ကြောင့် ၇၄ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်ပါတယ်။

စိုးထက်
Ref: GSMArena