Samsung Galaxy A31

Price – 399,000 Ks (6/128GB)

အားသာချက်

သဘာဝကျတဲ့ အရောင်အသွေးကို ထောက်ပံ့ပေးနိုင်တဲ့ Super AMOLED Display မျက်နှာပြင်က တောက်ပမှုရှိပါတယ်။ အထင်ကြီးစရာကောင်းလောက်တဲ့ ဘက်ထရီနဲ့အသုံးပြုနိုင်မှု၊ Mid-range ဖုန်းတစ်လုံးအတွက် ကောင်းမွန်တဲ့ စပီကာအသံထွက်၊ Android 10 အခြေခံ One UI 2.1 က စုံလင်တဲ့ လုပ်ဆောင်ချက်နဲ့ နေ့ဘက်ပိုင်းရိုက်ကူးမှုအတွက် ကောင်းမွန်တဲ့ ရုပ်ထွက်ရှိတဲ့ ကင်မရာစနစ် အပြင် အထူးကောင်းမွန်တဲ့ Portrait ဓာတ်ပုံရိုက်ကူးနိုင်မှု၊ ဓာတ်ပုံနဲ့ ဗီဒီယိုအရည်အသွေးပိုင်း ကောင်းမွန်တဲ့ Selfie ကင်မရာစနစ်တွေ ပါဝင်တာက ဒီဖုန်းရဲ့ အားသာချက်ပါ။

အားနည်းချက်

Display ရဲ့ အောက်ဘက်ဘောင် အနည်းငယ်ထူတယ်လို့ ခံစားရတာနဲ့ သူမှာ သုံးထားတဲ့ chipset က mid-range ဖုန်းတစ်လုံးအတွက် လက်ခံနိုင်လောက်စရာရှိပေမယ့် GPU ပိုင်း အားနည်းတာက ပြိုင်ဘက်မော်ဒယ်တွေရဲ့ ပြိုင်ဘက်မဟုတ်ဘူးလို့ ဆိုရမှာပါ။ ကင်မရာစနစ်မှာ Auto HDR စနစ် ထောက်ပံ့ပါဝင်ပေမယ့် မိမိစိတ်ကြိုက် manual HDR mode အနေနဲ့တော့ အသုံးမပြုနိုင်ပါဘူး။ ကင်မရာစနစ်မှာ Night mode မပါဝင်တာနဲ့ ဗီဒီယိုကို 1080p (30fps) နဲ့သာ အမြင့်ဆုံးရိုက်ကူးနိုင်တာတွေက ဒီဖုန်းရဲ့အားနည်းချက်ပါ။

စွမ်းဆောင်ရည်

  • Mediatek MT6768 Helio P65 (12nm) CPU
  • Mali-G52 MC2 GPU
  • 6GB RAM
  • 128GB; microSD dedicated slot
  • Android 10, One UI 2.0

Galaxy A31 မှာ အမြန်နှုန်း 2.0GHz ရှိတဲ့ Mediatek MT6768 Helio P65 processor ၊ Mali-G52 MC2 GPU စနစ်၊ RAM 6GB နဲ့ အချက်အလက်သိုလှောင်နိုင်မှုကတော့ 128GB ပါဝင်ပြီး Android 10 အခြေခံ One UI 2.0 OS စနစ်ကို ထည့်သွင်း အသုံးပြုထားပါတယ်။ မိမိအနေနဲ့ ဈေးနှုန်းတူ ပြိုင်ဘက်မော်ဒယ်ထဲမှာတော့ CPU စွမ်းဆောင်ရည်ပိုင်း ပိုမိုကောင်းမွန်တဲ့ Snapdragon 730G ဒါမှမဟုတ် Helio G90T သုံးထားတဲ့ အမျိုးအစားတွေကို ရွေးချယ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ Helio P65 က Samsung ရဲ့ Exynos 9611 ထက် single-core စွမ်းဆောင်ရည်ပိုင်း ပိုမို ကောင်းမွန်မှုရှိပေမယ့် multi-core စွမ်းဆောင်ရည်ပိုင်းကတော့ သိပ်အကောင်းမဟုတ်တာကြောင့် ဖြစ်ပါတယ်။ နောက်တစ်ခုက Exynos 9611 က ဗီဒီယို 4K အရည်အသွေးနဲ့ ရိုက်ကူးနိုင်အောင် ထောက်ပံ့ပေးနိုင်ပေမယ့် Helio P65 မထောက်ပံ့ပေးနိုင်ပါဘူး။ Galaxy A31 ရဲ့ GeekBench 5 (multi-core) ရမှတ် ၁၂၁၆ နဲ့ AnTuTu 8 ရမှတ် ၁၅၁၈၁၅ ရှိတာက အလယ်အလတ်တန်းစား ဖုန်းတစ်လုံးအနေနဲ့ နေ့စဉ်သုံး လုပ်ငန်းဆောင်တာ မျိုးစုံအတွက် ချောမွေ့ကောင်းမွန်မှုရှိတဲ့ စွမ်းဆောင်ရည်ရှိမှာ ဖြစ်ပေမယ့် Graphic-intensive ဂိမ်းတွေကစားဖို့တော့ အကြံပြုရခက်ပါတယ်။ အသံထွက်ပိုင်းက ဆူညံကျယ်လောင်တာမျိုး မဟုတ်ဘဲ mid-tone အသံတွေကို အကောင်းဆုံး နားဆင်နိုင်အောင် ချိန်ညှိပေးတာမျိုးကို ဖန်တီးထားတဲ့အတွက် တစ်လုံးတည်း ပါဝင်တဲ့ စပီကာနဲ့ကို မာတီမီဒီယာ အသုံးပြုမှုက စိတ်ကျေနပ်မှု ရရှိစေမှာပါ။

ဒီဇိုင်းနဲ့ မျက်နှာပြင်

  • Infinity-U notch selfie camera
  • 6.4 inches, Super AMOLED display
  • 20:9 aspect ratio
  • Fingerprint (under display, optical)
  • 185g

ကျောဘက်မှာ ကျပန်းလိုင်း သုံးလိုင်း ထည့်သွင်း ဖန်တီးထားတာက ထူးခြားပြီး ပရီမီယံဆန်တယ်လို့ ခံစားရစေမှာပါ။ ပလတ်စတစ်ကာဗာ အမျိုးအစားဖြစ်ပေမယ့် အလင်းရောင်နဲ့ ထိတွေ့တဲ့အခါတိုင်း တောက်ပတဲ့ ရောင်ပြန်အလင်းထွက်လာတာက အထူးဆွဲဆောင်မှု ရှိတယ်လို့ ဆိုရမှာပါ။ ညာဘက် ဘေးဘောင်ထဲမှာ ပါဝါခလုတ်နဲ့အသံအတိုးအကျယ် ခလုတ်တွေ ထည့်သွင်းထားပါတယ်။ ဘယ်ဘက်ဘောင်ထဲမှာတော့ nanoSIM နဲ့ microSD combo tray ကို ထည့်သွင်းပေးထားပါတယ်။ အောက်ဘက်ဘောင်ထဲမှာ နားကြပ်ပေါက်နဲ့ စပီကာကို USB အားသွင်းပေါက်ရဲ့ တစ်ဖက်တစ်ချက်စီမှာ ထည့်သွင်းထားပါတယ်။ လက်ဗွေစနစ်ကတော့ ဖုန်းရဲ့ Screen ထဲမှာ ထည့်သွင်းထားတဲ့ under display လက်ဗွေစနစ် ဖြစ်ပါတယ်။ ၁၈၅ ဂရမ် အလေးချိန်က လက်ထဲမှာ ကိုင်ရတာ ပါးလွှာပြီး ကျစ်လျစ်ပေါ့ပါးမှုရှိသလို ကိုင်ရတဲ့ ခံစားမှုပိုင်းလည်း ကောင်းမွန်မှုရှိတယ် ဆိုရမှာပါ။

ဒီဖုန်းရဲ့ ၆.၄ လက်မရှိတဲ့ Super AMOLED Display က ရုပ်ထွက်အရည်အသွေး 1080×2400 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၄.၉ ရာခိုင်နှုန်း ရှိပြီး Screen ရဲ့ pixel densiy က 411 ppi ရှိပါတယ်။ Fullscreen မျက်နှာပြင်က တောက်ပမှုရှိသလို ရုပ်ထွက်ကာလာ contrast ပိုင်း ကြည်လင်ပြတ်သားမှုရှိပြီး နေရောင်အောက်မှာ အသုံးပြုတဲ့အခါမှာ Screen ရဲ့ Brightness တောက်ပမှုပိုင်းက ကျေနပ်စရာပါ။

Display မှာ HDR စနစ်တော့ ထောက်ပံ့ပါဝင်မှု မရှိပါဘူး။ ကျစ်လျစ်မှုရှိတဲ့ ကိုယ်ထည်မှာ ဘေးဘောင်ကျဉ်းတဲ့ မျက်နှာပြင်ပြည့် မြင်ကွင်းရဲ့အပေါ်ထိပ်နားမှာ selfie ကင်မရာကို Infinity-U notch ပုံစံနဲ့ ထည့်သွင်းထားပြီး မေးစေ့ပိုင်းကတော့ အနည်းငယ်ထူတယ်လို့ ခံစားရပါတယ်။

ကင်မရာ

  • Standard: 48MP (wide), f/2.0, PDAF
  • 8MP, f/2.2 (ultrawide)
  • 5MP, f/2.4 (macro),
  • 5MP, f/2.4 (depth)
  • Selfie : 20M, f/2.2 (wide)
  • Video : 1080p@30fps
  • LED flash, HDR, Panorama

Samsung A31 ရဲ့ ကျောဘက်မှာ 48MP Quad Bayer ကင်မရာလေးလုံးကို တပ်ဆင်ထားပါတယ်။ ဈေးကွက်ထဲက အလယ်အလတ်တန်းစား ဖုန်းတော်တော်များများမှာ ခုလိုမျိုး ကင်မရာလေးလုံးပါတာက ပုံမှန်ပါသလိုတောင် ဖြစ်နေပါပြီ။ ကျောဘက်မှာ 48MP ကင်မရာ၊ 8MP ultrawide-angle ကင်မရာ၊ 5MP macro ကင်မရာနဲ့ 5MP depth ကင်မရာကို ဒေါင်လိုက်ပုံစံ သေသပ်လှပဆွဲဆောင်မှုရှိရှိ ထည့်သွင်းထားပြီး ရှေ့ဘက်မျက်နှာပြင်ထဲမှာ 20MP selfie ကင်မရာကို notch ထဲမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ ကင်မရာစနစ်က နေ့ဘက် indoor နဲ့ outdoor ရိုက်ကူးမှုအတွက် နှစ်လိုဖွယ်ရာကောင်းတဲ့ ရုပ်ထွက်အရည်အသွေး ရှိမှာ ဖြစ်ပါတယ်။ ကင်မရာစနစ်မှာ PDAF နည်းပညာ ထောက်ပံ့ပါဝင်သလို အခြား Samsung ဖုန်းကင်မရာစနစ်တွေလိုမျိုး လုပ်ဆောင်ချက် mode တွေပါဝင်ပြီး HDR စနစ်က ရှေ့၊ နောက် ကင်မရာစနစ် နှစ်ခုစလုံးမှာ Auto အနေနဲ့ ထောက်ပံ့ပါဝင်ပေမယ့် မိမိစိတ်ကြိုက် manual အနေနဲ့ အသုံးပြုနိုင်မှာတော့ မဟုတ်ပါဘူး။ Portrait ရိုက်ကူးမှု Live focus လုပ်ဆောင်ချက်ကတော့ ကျေနပ်စရာကောင်းလှပေမယ့် ညပိုင်း ရိုက်ကူးမှုအတွက် သီးခြား night mode တော့ ပါဝင်ခြင်း မရှိပါဘူး။
ရှေ့ဘက် 20MP selfie ကင်မရာက အထင်ကြီးစရာ Dynamic range နဲ့အတူ သဘာဝကျတဲ့ ရုပ်ထွက်အရည်အသွေး ဓာတ်ပုံကို ရိုက်ကူးနိုင်သလို 30fps ဗီဒီယိုကို ကျောဘက်ကင်မရာလိုမျိုး 1080p နဲ့ ရိုက်ကူးနိုင်တာ ကျေနပ်စရာပါ။ ကျောဘက်ကင်မရာနဲ့ 1080p အရည်အသွေးဗီဒီယိုကို 30fps နဲ့ အမြင့်ဆုံးထားရှိ ရိုက်ကူးနိုင်ပြီး ဗီဒီယိုရိုက်ကူးမှုအတွက် EIS stabilization စနစ် ထောက်ပံ့ပါဝင်ခြင်း မရှိသလို ကင်မရာစနစ်မှာ OIS စနစ်လည်း ထောက်ပံ့ပါဝင်ခြင်း မရှိပါဘူး။

ဘက်ထရီ

 

  • Li-Po 5000mAh
  • 15W Fast Charging
  • 2.0, Type-C 1.0, USB On-The-Go

Galaxy A31 ရဲ့ 5000mAh ဘက်ထရီက အားအပြည့်သွင်းထားမယ် ဆိုရင် နာရီပေါင်း ၁၂၄ နာရီထိ Standard အနေနဲ့ ထားရှိအသုံးပြုနိုင်ပါတယ်။ 3G ဖုန်းပြောတာကို နာရီပေါင်း ၃၂ နာရီ ၅၆ မိနစ်၊ အွန်လိုင်းအသုံးပြုတာကို ၁၆ နာရီ ၅၄ မိနစ်နဲ့ ဗီဒီယို အဆက်မပြတ် ဖွင့်ထားမှုကို နာရီ ၂၀ ဝန်းကျင်အသုံးပြုနိုင်တာ နှစ်သက်ကျစရာပါ။ အလယ်အလတ်တန်းစား ဖုန်းအတွက် လက်ခံနိုင်လောက်တဲ့ 15W fast charging အားသွင်းမြန်ဆန်တဲ့ နည်းပညာ ထောက်ပံ့ပါဝင်ပြီး ၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိကို နာရီဝက်အတွင်း အားသွင်းပေးနိုင်ပြီး အားအပြည့်သွင်းဖို့ကိုတော့ ၂ နာရီနဲ့ ၄၈ မိနစ်လောက် ကြာမြင့်မှာဖြစ်ပါတယ်။

သုံးသပ်ချက်

မြင်ကွင်းပိုင်းတောက်ပမှုရှိတဲ့ OLED Display သုံးထားတဲ့ ဖုန်းမျိုးကတော့ Samsung မော်ဒယ်တွေမှာသာ ရှိတတ်တာများပြီး အခြားမော်ဒယ်တွေမှာ ဆိုရင်တော့ Galaxy A31 လိုမျိုး Display အရည်အသွေးပိုင်း ကောင်းတာက အလယ်အလတ်တန်း ဖုန်းမော်ဒယ်တွေထဲမှာ သိပ်မရှိနိုင်ပါဘူး။ Galaxy A31 က သူ့ထက် ဈေးပိုများတဲ့ Galaxy A51 ထက် ဘက်ထရီပိုင်း ပိုကြာကြာ အသုံးပြုနိုင်တာက ဘတ်ဂျက်နည်းနည်းနဲ့ ဘက်ထရီကောင်းကောင်း Display ကောင်းကောင်းဖုန်းကို ကိုင်ချင်သူတွေအတွက် ရွေးချယ်စရာတစ်ခုလို့ မြင်ပါတယ်။ မိမိအနေနဲ့ စွမ်းဆောင်ရည်နဲ့ ဂိမ်းကစားဖို့အတွက် GPU ပိုင်း ပိုကောင်းတာ ဒါမှမဟုတ် 4K ဗီဒီယိုရိုက်ကူးနိုင်တဲ့ ဖုန်းကို ပိုစိတ်ဝင်စားရင်တော့ ဈေးနှုန်းပိုသက်သာပြီး A31 လိုမျိုး ကင်မရာစနစ်တွေ ပါဝင်တဲ့ Realme 6 နဲ့ Xiaomi Redmi Note 9 Pro ဖုန်းတွေကို ပိုရွေးချယ်သင့်ပါတယ်။ Galaxy A31 က ဖုန်းကို မာတီမီဒီယာ ထုတ်ကုန်တစ်ခု အနေနဲ့ အသုံးပြုချင်သူတွေ၊ စတိုင်ကျလှပတဲ့ ပရီမီယံဒီဇိုင်း ဖုန်းကိုင်ချင်သူတွေ၊ ဆိုရှယ်မီဒီယာအတွက် အလှဓာတ်ပုံတွေ အကောင်းဆုံး ဖန်တီးရိုက်ကူးတင်ချင်သူတွေနဲ့ ဘက်ထရီကြာကြာခံတဲ့ အလယ်အလတ်တန်းစား Samsung ဘတ်ဂျက်ဖုန်းမှ ကိုင်ချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာဖြစ်ပါတယ်။

  • Display 
  • Performance 
  • Camera
  • Battery
  • Hand On
  • Over All

-ရဲထွဋ်ဝင်း