Samsung Galaxy A21s

Price – 329,000 Ks (6/64GB)

အားသာချက်

ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်ပါဝင်တဲ့ ပရီမီယံဒီဇိုင်း၊ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီစနစ်၊ အလယ်အလတ်ဖုန်းတစ်လုံး အတွက် ဓာတ်ပုံနဲ့ ဗီဒီယိုအရည်အသွေး မြင့်မားမှုရှိတဲ့ ကင်မရာ၊ FM စနစ်နဲ့ နောက်ဆုံးထွက် Android သုံး One UI စနစ်တွေ ထောက်ပံ့ပါဝင်တာက ဒီဖုန်းရဲ့ အားသာချက်ပါ။

အားနည်းချက်

Processor ရဲ့ စွမ်းဆောင်ရည် သိပ်အားမရတာ၊ fast charging စနစ်က ကြီးမားတဲ့ဘက်ထရီစနစ်အတွက် ဒီထက် ပိုမြန်သင့်တာနဲ့ ရှေ့ဘက်ကင်မရာစနစ် အကောင်းမွန်ဆုံးလို့ မခံစားရတာက ဒီဖုန်းရဲ့ အားနည်းချက်ပါ။

စွမ်းဆောင်ရည်

  • Exynos 850 (8nm) CPU
  • Mali-G52 MP1 GPU
  • 6GB RAM
  • 64GB; microSD up to 512GB
  • Android 10, One UI 2.0

Galaxy A21s မှာ အမြန်နှုန်း 2.0GHz ရှိတဲ့ Exynos 850 Ocat-core processor ကို ပြန်သုံးထားပြီး GPU အနေနဲ့ Mali-G52 MP1 ၊ RAM 6GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 64GB ပါဝင်ပါတယ်။ သိုလှောင်နိုင်မှုပမာဏကို 512GB အထိ တိုးမြှင့်အသုံးပြုနိုင်မယ့် microSD ကတ်စနစ် ထောက်ပံ့ပါဝင်ပါတယ်။ အလယ်အလတ်ဖုန်းအမျိုးအစား ဖြစ်တဲ့ ဒီဖုန်းရဲ့ GeekBen 5.1 (multi-core) ရမှတ် ၁၁၀၀ က ပြိုင်ဘက်မော်ဒယ်တွေနဲ့ယှဉ်ရင် အောက်ဆုံးရောက်နေတာ သိပ်အံ့အားသင့်စရာ မရှိပေမယ့် AnTuTu ရမှတ် ၁၀၇၁၅၇ ရှိတာက ပျှမ်းမျှစွမ်းဆောင်ရည်လောက်သာ ရှိတယ်လို့ ဆိုရမှာဖြစ်ပြီး Single Mali-G52 GPU စနစ်ကလည်း အလယ်အလတ်ဘတ်ဂျက်ဖုန်းတစ်လုံး အတွက် အဆင်ပြေတယ်ဆိုရမှာပါ။ ဖုန်းခေါ်ဆိုမှုအတွက် ကောင်းမွန်တဲ့ အသံစနစ်ရှိသလို ဖုန်းရဲ့အောက်ဘက်ဘောင်ထဲက စပီကာအသံထွက်ပိုင်းကလည်း ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် ကောင်းမွန်မှုရှိပါတယ်။ Android 10 အခြေခံ One UI 2 ကို အသုံးပြုထားပြီး ရှင်းလင်းသလို တုံ့ပြန်မှုပိုင်း မြန်ဆန်ပါတယ်။ လုံခြုံရေးပိုင်းဆိုင်ရာ လက်ဗွေစနစ်၊ Face Unlock စနစ်တွေပြီး Samsung ရဲ့ နာမည်ကြီးလုပ်ဆောင်တွေ တော်တော်များများ ထည့်သွင်းပေးထားပြီး System-wide Dark mode လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

  • Punch-hole selfie camera
  • 6.5 inches, PLS TFT display
  • 20:9 aspect ratio
  • Fingerprint (rear-mounted)
  • 192g

အလယ်အလတ်တန်းစား ဘတ်ဂျက်ဖုန်းဖြစ်ပေမယ့် ဒီဇိုင်းက အမြင်အရတော့ ဈေးပေါတယ်လို့ ခံစားရမှာ မဟုတ်ပါဘူး။ ပလတ်စတစ်ကိုယ်ထည် ဖြစ်ပေမယ့် နောက်ဆုံးပေါ် flagship မော်ဒယ်တွေရဲ့ ဒီဇိုင်းအသွင်အပြင်ရှိတယ်လို့ ဆိုရမှာပါ။ ကျောဘက်ကင်မရာရဲ့ ထည့်သွင်းထားတဲ့ဒီဇိုင်းကလည်း flagship မော်ဒယ်ဒီဇိုင်းလေးထောင့်ကွက်ထဲမှာ ထည့်သွင်းထားပြီး ရှေ့ဘက်ကင်မရာကိုတော့က Samsung flagship တွေလိုမျိုး punch-hole ဒီဇိုင်းနဲ့ ထည့်သွင်းထားတဲ့အတွက် မြင်ကွင်းကျယ်ကျယ်သုံးရတဲ့ ခံစားမှုကို အပြည့်အဝရရှိမှာ ဖြစ်ပေမယ့် ရှေ့မျက်နှာပြင်မှာ notification LED light မပါဝင်တာကတော့ ထူးဆန်းတယ်လို့ ဆိုရမှာပါတယ်။ ဖုန်းရဲ့ညာဘက်ဘောင်ထဲက အသံအတိုးအကျယ်ခလုတ်၊ ပါဝါခလုတ်တွေ ထည့်သွင်းထားပါတယ်။ ဘယ်ဘက်ဘောင်ထဲမှာ SIM ကတ်ပေါက်နဲ့ အောက်ဘက်ဘောင်ထဲမှာ အားသွင်းပေါက်နဲ့ နားကြပ်ပေါက်တွေ ရှိပါတယ်။ လက်ဗွေစနစ်ကို ကျောဘက်ကင်မရာနားမှာ ထည့်သွင်းထားပြီး ဘေးဘောင်ကွေးကိုယ်ထည်က ပါးလွှာပြီး လက်ထဲမှာ ကိုင်ရတာ ကျစ်လျစ်မှုရှိသလို ဓာတ်ပုံရိုက်တာ၊ ဗီဒီယိုရိုက်တာတို့ အတွက်လည်း အဆင်ပြေမှုရှိတယ်လို့ ခံစားရမှာဖြစ်ပါတယ်။ မြင်ကွင်းကျယ်ဖုန်းအတွက် အလေးချိန်က ပေါ့ပါးမှုရှိတယ်လို့ ဆိုရမှာပါ။

ဒီဖုန်းရဲ့ ၆.၅ လက်မရှိတဲ့ PLS TFT Display က ရုပ်ထွက်အရည်အသွေး 720×1600 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၂.၈ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ pixel densiy က 270 ppi ရှိပါတယ်။ စကရင်နဲ့ အမြင့်ဆုံးတောက်ပမှုက manual mode မှာ 408 nits ရှိပြီး auto mode မှာ 491 nits ရှိတာက ဘတ်ဂျက်ဖုန်းတစ်လုံးအတွက်ကတော့ လက်ခံနိုင်လောက်တဲ့ စွမ်းဆောင်ရည်လို့ ဆိုရမှာဖြစ်ပေမယ့် ပြိုင်ဘက်တွေနဲ့တော့ တော်တော်လေးယှဉ်ပြိုင်ရမှာပါ။ အားလုံးခြုံကြည့်ရမယ် ဆိုရင်တော့ အလယ်အလတ်ဖုန်းတစ်လုံးအတွက် ကောင်းမွန်တဲ့ contrast ratio ရှိတဲ့ panel လို့သုံးသပ်ရမှာပါ။

ကင်မရာ

  • Standard: 48MP (wide), f/2.0, PDAF,
  • 8MP, f/2.2 (ultrawide)
  • 2MP, f/2.4 (depth)
  • 2MP, f/2.4 (macro)
  • Selfie : 13M, f/2.2 (wide)
  • Video : 1080p@30fps
  • LED flash, HDR, Panorama

Galaxy A21s ရဲ့ ကျောဘက်မှာ ကင်မရာလေးလုံးကို Samsung ရဲ့ flagship ဖုန်းတွေလိုမျိုး ဖန်တီး ထည့်သွင်းထားပြီး 48MP အဓိက ကင်မရာမှာ PDAF နည်းပညာနဲ့ Quad Bayer color filter စနစ်တွေ ထောက်ပံ့ပါဝင်တဲ့အတွက် အရည်အသွေးမြင့် high-res 48MP shooting mode ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ AF စနစ်လည်း ထောက်ပံ့ပါဝင်တဲ့အတွက် နှစ်သက်စရာပါ။ 8MP ultrawide ကင်မရာက ၁၂၃ ဒီဂရီ မြင်ကွင်းကျယ် ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး ဒီကင်မရာနဲ့ အခြားကင်မရာနှစ်လုံး ဖြစ်တဲ့ 2MP depth ကင်မရာနဲ့ macro ကင်မရာတွေမှာတော့ Fix focus အနေနဲ့သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Auto HDR စနစ် ထောက်ပံ့ပါဝင်တဲ့ အတွက် စိုပြည်ကောင်းမွန်တဲ့ အရည်အသွေးမြင့် ရုပ်ထွက်ကာလာနဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး Night mode စနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။

ရှေ့ဘက် 13MP wide selfie ကင်မရာက ကောင်းမွန်တဲ့ရုပ်ထွက်နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး detail နဲ့ contrast ပိုင်းကတော့ အနည်းငယ် အားနည်းတယ်လို့ မြင်ပါတယ်။ ရှေ့နောက်ကင်မရာတွေနဲ့ 1080p အရည်အသွေး ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဘက်ထရီ

  • Li-Po 5000mAh
  • 15W Fast Charging
  • USB Type-C 1.0

Galaxy A21s မှာ 5000mAh ပမာဏ ကြီးမားတဲ့ ဘက်ထရီကို အသုံးပြုထားပြီး အားသွင်းစနစ်က USB Type-C အမျိုးအစားဖြစ်ပါတယ်။ 15W အားသွင်းမြန်ဆန်တဲ့နည်းပညာ ထောက်ပံ့ပါဝင်ပေမယ့် မိနစ် ၃၀ ခန့်သွားမှ ၂၆ ရာခိုင်နှုန်းအထိ ရှိတာက မြန်ဆန်တယ်လို့ မခံစားရပါဘူး။ ဖုန်းပြောတာကို ၃၉ နာရီကျော်ကြာ၊ Web Browsing ကို ၁၈ နာရီကာနဲ့ ဗီဒီယို playback ကို ၁၇ နာရီနဲ့ ၂၉ မိနစ်ကြာ အသုံးပြုနိုင်တာက ကောင်းမွန်တဲ့ ဘက်ထရီစွမ်းဆောင်ရည် ရှိတဲ့ ဖုန်းလို့ဆိုရမှာပါ။

သုံးသပ်ချက်

Galaxy A21s က ပေးရတဲ့ဈေးနဲ့ဆိုရင် သုံးရတာ သင့်တော်မှုရှိပေမယ့် ပြိုင်ဘက်မော်ဒယ်ဖုန်းတွေနဲ့ ယှဉ်မယ်ဆိုရင်တော့ သင့်အနေနဲ့ ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်ရှိတဲ့ ဖုန်းကို ရနိုင်ပါတယ်။ ဒါပေမဲ့ အလယ်အလတ် ဘတ်ဂျက်ဖုန်းထဲမှာတော့ ပရီမီယံဒီဇိုင်းရှိပြီး ရှင်းလင်းကျော့မော့တဲ့ UI ၊ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီနဲ့ ကင်မရာစွမ်းဆောင်ရည်ကောင်းမွန်တဲ့ Galaxy A21s က Samsung သုံးစွဲသူတွေကို အထူးဆွဲဆောင်နိုင်တဲ့ ဖုန်းတစ်လုံးလို့ဆိုရမှာပါ။

Display
Performance
Camera
Battery
Hand on
Over all

-ရဲထွဋ်ဝင်း

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««