Samsung Employee Volunteer Program အား သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (UIT) နှင့် ပူးပေါင်းကျင်းပ

Samsung Electronics ရဲ့ ကမ္ဘာလုံးဆိုင်ရာ နှစ်စဉ် လုပ်အားပေးပွဲတော် Samsung Global Volunteer Festival ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် Samsung Myanmar မှ ယခုနှစ်အတွက် Samsung Employee Volunteer Program ကို သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (UIT) နဲ့ ပူးပေါင်းကာ နိုဝင်ဘာ ၂၅ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အွန်လိုင်းမှ ကျင်းပပြုလုပ်ခဲ့တဲ့ အဆိုပါ အစီအစဉ်မှာ UIT မှ ကျောင်းသား၊ ကျောင်းသူများ အတွက် COVID အလွန် ပုံမှန်အခြေအနေသစ်မှာ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိစေဖို့နဲ့ အသိပညာ၊ ဗဟုသုတ ကျွမ်းကျင်မှုများ ပိုမို တိုးပွားလာစေရန် အဓိကထား၍ ဆွေးနွေးမျှဝေပေးခဲ့တယ်လို့ သိရပါတယ်။

Samsung Employee Volunteer Program အစီအစဉ်မှာ Samsung Myanmar မှ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်၊ Product Marketing မန်နေဂျာဖြစ်သူ မစုဒီဇင်ဘာစိုးတို့နဲ့အတူ UIT ရဲ့ ကျောင်းသားဟောင်း Speakers များဖြစ်တဲ့ ကိုမျိုးသိင်္ခနဲ့ ကိုဝေလင်းဖြိုး စုစုပေါင်း Speaker ၄ ဦးက ပါဝင်မျှဝေ ပြောကြားပေးခဲ့ပြီး သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (UIT) မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၆၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အွန်လိုင်းဆွေးနွေးပွဲမှာ Speakers များမှ COVID အလွန် ပုံမှန်အခြေအနေသစ်တွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ဖို့နဲ့ လက်တွေ့လုပ်ငန်းခွင်တွင် အဆင်ပြေလွယ်ကူမှု ရှိစေရန် လိုအပ်တဲ့ အသိပညာ၊ ဗဟုသုတနဲ့ ကျွမ်းကျင်မှုများအကြောင်း အဓိက ဆွေးနွေးမျှဝေခဲ့သလို Speakers များမှ မျှဝေခဲ့တဲ့ ခေါင်းစဉ်များအပေါ်တွင်လည်း ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစားနဲ့ ဝင်ရောက်ဆွေးနွေး မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

Samsung Myanmar အနေနဲ့ ယခုနှစ် EVP အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်ရှိ တက္ကသိုလ်စာကြည့်တိုက်အတွက် ၅၅ လက်မ Samsung UHD (4K) စမတ်တီဗွီ တစ်လုံးနဲ့ Samsung 2.0 HP လေအေးပေးစက် ၄ လုံး အပြင် ငွေကျပ်သိန်း ၂၀ ကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««