Samsung နှင့် Apple က ဖုန်းအဟောင်းများကို နှေးကွေးအောင် ရည်ရွယ်ချက်ရှိစွာ ပြုလုပ်ထားခြင်း ရှိ၊ မရှိ အီတလီ စုံစမ်းနေ

Samsung ဟာ သုံးစွဲသူတွေက ဖုန်းအသစ်တွေ ဝယ်ယူလာအောင် တိုက်တွန်းတဲ့အနေနဲ့ စမတ်ဖုန်းအဟောင်းတွေကို ရည်ရွယ်ချက်ရှိရှိ နှေးကွေးအောင် ပြုလုပ်ခဲ့တယ်ဆိုတဲ့ ပြောကြားချက်တွေကို အီတလီနိုင်ငံအတွင်းမှာ စုံစမ်းစစ်ဆေးနေပါတယ်။

တောင်ကိုရီးယားကုမ္ပဏီ Samsung ဟာ မိုဘိုင်းဖုန်းအဟောင်းတွေ နှေးကွေးအောင် software update တွေ အသုံးပြုခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရပါတယ်။ Apple ကလည်း အလားတူ စွပ်စွဲချက်တွေနဲ့ ကြုံတွေ့နေရပါတယ်။

Samsung နဲ့ Apple ဟာ အီတလီနိုင်ငံရဲ့ စားသုံးသူ ကိုဓဥပဒေရဲ့ အပိုဒ်ခွဲလေးကို ချိုးဖောက်ခဲ့ဖွယ်ရှိတယ်လို့ အီတလီရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ Autorita Gararnte della Concorrenza e del Mercato (AGCM) က ပြောပါတယ်။ သက်သေထင်ရှားရင်တော့ ကုမ္ပဏီနှစ်ခုစလုံး အနေနဲ့ ဒဏ်ကြေးငွေ ယူရိုသန်းပေါင်းများစွာ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

Apple နဲ့ Samsung ဟာ ထုတ်ကုန်တွေရဲ့ စွမ်းဆောင်ရည်ကို အဟန့်အတားပြုလုပ်ဖို့ တစ်ချို့အစိတ်အပိုင်းတွေ မပါဝင်မှုအပေါ် အသာစီးရယူပြီး ယေဘုယျစီးပွားဖြစ် ပေါ်လစီတစ်မျိုးကို ချမှတ်ကာ သုံးစွဲသူတွေကို ဗားရှင်းသစ်တွေ ဝယ်ယူဖို့ ဆွဲဆောင်ခဲ့တယ်လို့ AGCM ကပြောကြားခဲ့ပါတယ်။

Apple နဲ့ Samsung ဟာ စမတ်ဖုန်းတွေကို နှေးကွေးစေတဲ့ software update တွေဖြန့်ချိတာနဲ့ ပတ်သက်ပြီး စွပ်စွဲခံနေရပါတယ်။ ထုတ်ကုန်တွေရဲ့ ပြည့်မီတဲ့ စွမ်းဆောင်ရည်အဆင့်ကို ထိန်းသိမ်းဖို့ လုံလောက်တဲ့ သတင်းအချက်အလက်တွေ မထောက်ပံ့သလို update ကြောင့်ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကိုလည်း မဖော်ပြခဲ့ဘူးလို့ AGCM ကပြောခဲ့ပါတယ်။

Samsung က စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောပါတယ်။

“Samsung အနေနဲ့ ထုတ်ကုန်ရဲ့သက်တမ်းပေါ်က စွမ်းဆောင်ရည်ကို လျှော့ချဖို့ software update တွေ မထောက်ပံ့ခဲ့ဘူး” လို့ Nikkei ကဖော်ပြခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့ အီတလီနိုင်ငံအတွင်းက ဈေးကွက်နဲ့ယှဉ်ပြိုင်မှုအဖွဲ့အာဏာပိုင်ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ လက်တွဲပြီး အချက်အလက်တွေ ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ပူးပေါင်းသွားပါမယ်” လို့ ပြီးခဲ့တဲ့လက Samsung ဟာ ထုတ်ပြန်ချက်တစ်ခု ကြေညာခဲ့ပါသေးတယ်။

“ထုတ်ကုန်အရည်အသွေးဟာ Samsung Mobile ရဲ့ထိပ်တန်း ဦးစားပေးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လုံခြုံမှုအစီအမံ အမျိုးမျိုးကို ကျော်ဖြတ်ပြီး Samsung မိုဘိုင်းထုတ်ကုန် ဘက်ထရီသက်တမ်းကို တာရှည်ခံအောင် ပြုလုပ်ခဲ့ပါတယ်။ အဲဒီလုံခြုံရေး အစီအမံမှာ ဘက်ထရီအားသွင်းမှု လျှပ်စစ်ကြောင်းနဲ့ အားသွင်းတဲ့ အချိန်ကာလကို ထိန်းချုပ်ပေးမယ့် software algorithm တွေပါဝင်လာပါတယ်။ ကျွန်တော်တို့အနေနဲ့ ဖုန်းရဲ့ သက်တမ်းအပေါ်မှာ software update တွေကတစ်ဆင့် CPU စွမ်းဆောင်ရည်လျှော့ချမထားဘူး” လို့ Samsung က ထုတ်ပြန်ခဲ့ပါတယ်။

Apple ကလည်း သုံးစွဲသူတွေကို အသိမပေးဘဲ iPhone မော်ဒယ်ဟောင်းတချို့ရဲ့ စွမ်းဆောင်ရည်ကို ကန့်သတ်ခဲ့တာကြောင့် တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အရည်အသွေးမကောင်းတော့တဲ့ ဘက်ထရီတွေပါဝင်တဲ့ ဖုန်းတွေဟာ မထင်မှတ်ဘဲ ပိတ်သွားတတ်တာကြောင့် စွမ်းဆောင်ရည် ကန့်သတ်တဲ့ feature ကို ထည့်သွင်းခဲ့တာဖြစ်တယ်လို့ Apple ကပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံက အာဏာပိုင်တွေဟာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

စိုးထက်
Ref: Independent