Samsung ရဲ့ခေါက်နိုင်တဲ့ဖုန်းမှာ Surface Book လို ပတ္တာတစ်ခု ပါဝင်လာဖွယ်ရှိ

Samsung အနေနဲ့ ခေါက်ထားနိုင်တဲ့ဖုန်းတစ်မျိုးကို ထုတ်လုပ်မယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတာ ကြာပါပြီ။

ကုမ္ပဏီထဲမှာ Galaxy X လို့သိကြတဲ့ ထုတ်ကုန်ကို ကိုရီးယားဉာဏမူပိုင်ခွင့်ရုံးမှာ မှတ်ပုံတင်ခဲ့ပါတယ်။ Samsung ကတော့ အဲဒီထုတ်ကုန်က ကွေးနိုင်ဆန့်နိုင်တဲ့ အီလက်ထရောနစ်ထုတ်ကုန်တစ်ခု ဖြစ်တယ်လို့ စာရွက်စာတမ်းတွေမှာ ရည်ညွှန်းထားပါတယ်။

မိုဘိုင်းလုပ်ငန်းတွေမှာ trend တွေကို အခြားကုမ္ပဏီတွေက စတင်လေ့ရှိပေမယ့် Samsung က ရေပန်းစားလာအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ Galaxy S6 Edge မှာ အနားစောင်းဒီဇိုင်းကို ရှေ့ဆောင်ဖန်တီးခဲ့သလို Galaxy S8 ကိုလည်း all-screen display နဲ့ ဖန်တီးခဲ့ပါတယ်။

Samsung အနေနဲ့ ခေါက်ထားနိုင်တဲ့ဖုန်းတွေကို ၂၀၁၈ ခုနှစ်မှာ ထုတ်ဖော်မိတ်ဆက်ဖွယ်ရှိပါတယ်။

Samsung ရဲ့ခေါက်ထားနိုင်တဲ့ဖုန်းကို မူပိုင်ခွင့်တင်စဉ်တုန်းက ရှေ့ပြေးပုံစံ ဓာတ်ပုံတွေကို ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်ပါတယ်။ Samsung ရဲ့ခေါက်ထားနိုင်တဲ့ဖုန်းမှာ display နှစ်ခုပါဝင်ပြီး Display နှစ်ခုအကြားမှာ ပတ္တာထည့်သွင်းထားပြီး ကွေးနိုင်ဆန့်နိုင်တဲ့ display တွေထဲက တစ်ခုကို ခေါက်နိုင်ပါတယ်။ Samsung ရဲ့ ပတ္တာထည့်သွင်းထားပုံက နာမည်ကျော် laptop တွေနဲ့ဆင်တူပါတယ်။ မူပိုင်ခွင့်တင်စဉ်က ပုံတွေအရ Galaxy X မှာ Surface Book နဲ့ဆင်တဲ့ ပတ္တာတစ်ခု ပါဝင်လာပါတယ်။

Microsoft ရဲ့ 2-in-1 laptop မှာ တိုက်တေနီယမ်နဲ့ ပြုလုပ်ထားတဲ့ fulcrum ပတ္တာကို အသုံးပြုထားတာကြောင့် အနေအထားမျိုးစုံနဲ့ ထောင်ထားနိုင်ပါတယ်။

Samsung ရဲ့ Galaxy X ဖုန်း နှစ်ဖက်စလုံးမှာ display တွေပါဝင်လာနိုင်ဖွယ်ရှိပါတယ်။ အခုလအစောပိုင်းမှာ ZTE ကလည်း ဘေးနှစ်ဖက်နဲ့ ရှေ့၊ နောက် display နှစ်ခုကို နေရာချထားနိုင်တဲ့ Axon M ကိုမိတ်ဆက်ခဲ့ပါတယ်။

Samsung အနေနဲ့ ၂၀၁၈ ခုနှစ်မှာ ခေါက်နိုင်တဲ့ ဒီဇိုင်းပါဝင်တဲ့ Galaxy Note 9 ကို မိတ်ဆက်ဖွယ်ရှိပါတယ်။ အဲဒီနည်းပညာကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်နေပြီး လာမယ့်နှစ်မှာ ထုတ်ဖော်ပြသဖို့ စီစဉ်ထားတယ်လို့ Samsung အမှုဆောင်တစ်ဦးက Bloomberg ထံ ပြောကြားခဲ့ပါတယ်။

စိုးထက်
Ref: TechnoBuffalo