Samsung မြန်မာမှ YUECO Digital Hub နှင့် Pen Holder တို့ဖြင့်လက်တွဲကာ ဒီဂျစ်တယ်ကမ်ပိန်းတစ်ခုကို ပူးပေါင်းလုပ်ဆောင်မည်

COVID-19 ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း မြန်မာလူငယ်တို့ရဲ့ စိတ်ဓာတ်ခွန်အားတွေကို မြှင့်တင် ပေးနိုင်ရန် ရည်ရွယ်ချက်နဲ့ Samsung Myanmar အနေဖြင့် ပြည်တွင်း အခြေစိုက် လူငယ်နှင့်နည်းပညာဆိုင်ရာ လူမှုအဖွဲ့အစည်း YUECO Digital Hub၊ ရုပ်ပြပလက်ဖောင်း Pen Holder တို့နဲ့ လက်တွဲကာ “Tomorrow” အမည်ရှိ ဒီဂျစ်တယ်ကမ်ပိန်းတစ်ခုကို ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

တစ်ဦးနဲ့တစ်ဦး နေ့စဉ်လူမှုဘဝမှာ ခပ်ခွာခွာနေထိုင်နေရတဲ့ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ မြန်မာနိုင်ငံရှိ လူတွေမှာလည်း ယခင်က မတွေ့ကြုံခဲ့ရဖူးသော လူမှုဘဝပုံစံအသစ်အား ရင်ဆိုင်ကြုံတွေ့နေရပြီ ဖြစ်ကြောင်း၊ အဆိုပါ နေထိုင်မှုပုံစံအသစ်တွင် လိုက်လျောညီထွေစွာ နေထိုင်နိုင်ရန် တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ကူညီလိုသည့် ရည်ရွယ်ချက်နှင့်အတူ အဆိုပါ “Tomorrow” အမည်ရှိ ဒီဂျစ်တယ်ကမ်ပိန်းကို YUECO Digital Hub မှ စတင် စိတ်ကူးပြီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်တယ်လို့သိရပါတယ်။

“ဒီ Tomorrow ဒီဂျစ်တယ် ကမ်ပိန်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ရောဂါအကြောင်း ပြည်သူတွေ ပိုမို သိရှိလာဖို့နဲ့ နေ့စဉ်ဘဝမှာ ဖြစ်ပေါ်နေတဲ့ လူမှုရေးပြဿနာတွေကို မတူညီတဲ့ ရှုထောင့်ပေါင်းစုံကနေ တင်ဆက်ပြသသွားလိုတာ ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ လူနေမှုအဆင့်အတန်းကို တစ်ဖက်တစ်လမ်းကနေ ကူညီမြှင့်တင် ပေးသွားဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒီကမ်ပိန်းကို ကူညီပံ့ပိုးပေးပြီး မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးမှာ ဆန်းသစ်တဲ့ အတွေးအမြင်တွေကို အတူပုံဖော်ခွင့်ပေးတဲ့ အတွက်လည်း Samsung Myanmar ကို အထူးကျေးဇူးတင်ရှိကြောင်း YUECO Digital Hub ကိုယ်စား ပြောကြားလိုပါတယ်” လို့ YUECO Digital Hub ရဲ့ အမှုဆောင် ဒါရိုက်တာ ကို Eric Aung က ပြောပါတယ်။

ကမ်ပိန်းအား အခန်းဆက် ရုပ်ပြကာတွန်းပုံစံနဲ့ တင်ဆက်ပြသသွားမှာ ဖြစ်ပြီး မတူညီတဲ့ အချိန်ကာလနှစ်ခုမှ လူငယ်နှစ်ဦးတို့ဟာ လက်ရှိ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ၎င်းတို့ရဲ့ လူမှုအသိုင်းအဝန်းကို ကပ်ရောဂါမှကာကွယ်ရန် ကြိုးစားလုပ်ဆောင်တဲ့ အကြောင်းကို ရေးဆွဲထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါရုပ်ပြတွင် အခန်း (၁၂) ခန်း ပါဝင်မှာဖြစ်ပြီး အခန်းသစ် တစ်ခန်းချင်းစီကို နိုဝင်ဘာလ ၁၆ ရက်မှ စတင်၍ အပတ်စဉ် တနင်္လာနဲ့ ကြာသပတေးနေ့တိုင်း ညနေ ၇ အချိန်မှာ YUECO Digital Hub နဲ့ Pen Holder တို့ရဲ့ တရားဝင် Facebook စာမျက်နှာတွေပေါ်မှာ တင်ဆက်ပေးသွားမှာဖြစ်ကြောင်း၊ အခန်း တစ်ခန်းချင်းစီအတွက် ဖတ်ရှုသူတွေကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်နိုင်မယ့် ပဟေဠိမေးခွန်းကဏ္ဍကိုလည်း ထည့်သွင်းထားပြီး အခန်း ၁ ခန်းစီအတွက် မှန်ကန်စွာဖြေဆိုနိုင်သူ ၁ ဦး၊ စုစုပေါင်း အခန်း (၁၂) ခန်းအတွက် မှန်ကန်စွာ ဖြေဆိုနိုင်သူ ၁၂ ဦးအား ရွေးချယ်ကာ Samsung Galaxy Fit e ၁ လုံးစီ ပေးအပ်ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

“Samsung အနေနဲ့ ရေရှည်တည်တံ့ခိုင်မာတဲ့ ကူညီပံ့ပိုးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကနေ တစ်ဆင့် အသိပညာပေး အစီအစဉ်များစွာကို စဉ်ဆက်မပြတ် ထောက်ပံ့ကူညီပေးနေပါတယ်။ အလားတူပဲ အခုလို ဆန်းသစ်တဲ့ ဒီဂျစ်တယ်ကမ်ပိန်း အတွက် YUECO Digital Hub နဲ့ Pen Holder တို့လို ပြည်တွင်းအခြေစိုက် အဖွဲ့အစည်းအသစ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အခုလို COVID-19 ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း ကန့်သတ်ချက်တွေနဲ့ နေထိုင်နေရတဲ့ မြန်မာပြည်သူတွေအနေနဲ့ နေထိုင်မှုပုံစံအသစ်မှာ လိုက်လျောညီထွေရှိစွာ နေထိုင်တတ်စေဖို့နဲ့ အားလပ်ချိန်တွေမှာ ကောင်းမွန်တဲ့ အလေ့အကျင့်တွေကို လုပ်ဆောင်တတ်စေဖို့ အခု ဒီဂျစ်တယ်ကမ်ပိန်းကနေ တစ်ဆင့် စိတ်ခွန်အားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ပြီး ဒီကမ်ပိန်းကနေ တစ်ဆင့် နိုင်ငံတွင်းမှာလည်း နောက်ထပ် ဆန်းသစ်ဖန်တီးမှု၊ စွန့်ဦးတီထွင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ ပိုအားကောင်းလာမယ်လို့ ယုံကြည်ပါတယ်” လို့ Samsung Myanmar ရဲ့ Head of Corporate Marketing ဖြစ်သူ ကိုစိုးသူရက ပြောပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««