Samsung ထုတ်ကုန်များအား KBZPay Shopper Loan မှတစ်ဆင့် အတိုးမဲ့ဖြင့် ဝယ်ယူသွားနိုင်မည်

Samsung Electronics နဲ့ KBZPay ပေါင်း၍ သုံးစွဲသူများ Samsung မိုဘိုင်းဖုန်းနဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို ဝယ်ယူတဲ့အခါမှာ ပိုမိုအဆင်ပြေလွယ်ကူမှု ရှိစေဖို့ KBZPay Shopper Loan မှတစ်ဆင့် အတိုးမဲ့ဖြင့် ဝယ်ယူနိုင်အောင် ဆောင်ရွက်လိုက်တယ်လို့ သိရပါတယ်။

ယခုမိတ်ဆက်လိုက်တဲ့ လစဉ်ငွေပေးချေမှု အစီအစဉ်ကို အသုံးပြုပြီး သုံးစွဲသူတွေအနေနဲ့ ၎င်းတို့ နှစ်သက်ရာ Samsung စမတ်ဖုန်းများ၊ တီဗွီများ၊ အဝတ်လျှော်စက်များနဲ့ ရေခဲသေတ္တာတွေကို လက်ငင်းငွေပေးချေရန် မလိုအပ်ဘဲ 0% အတိုးနှုန်း (အတိုးမဲ့) နဲ့ KBZPay မိုဘိုင်းအက်ပလီကေးရှင်း မှတစ်ဆင့် ဝယ်ယူသွားနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် KBZPay ဈေးဝယ်ချေးငွေ အသုံးပြုခွင့်ရရှိပြီးသူတွေ အနေနဲ့ အာမခံပေးသူ မလိုအပ်ဘဲ ၅,၀၀၀,၀၀၀ ကျပ်အထိ ချေးငွေရယူနိုင်မှာ ဖြစ်တဲ့အပြင် ဝယ်ယူတဲ့ထုတ်ကုန် အပေါ် မူတည်ပြီး ၆ လ မှ ၁၂ လအထိ လစဉ် အရစ်ကျ ပြန်လည် ပေးသွင်းသွားနိုင်မှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

KBZPay ဈေးဝယ်ချေးငွေ လျှောက်ထားလိုသူတွေအနေနဲ့ လစဉ်ဝင်ငွေ အနည်းဆုံး ၁၅၀,၀၀၀ ကျပ်ရှိသူ ဖြစ်ရန် လိုအပ်ပြီး နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ (၁ လ ထက်မကျော်သော)၊ ၊ မီတာစာရွက်၊ လစာစလစ် (သို့) HR မှ လွန်ခဲ့သော ၃ လအတွင်း လစာထောက်ခံချက်၊ မှတ်ပုံတင်ထားသည့်လိပ်စာမှ ရိုက်ကူးထားသည့် selfie (ယင်းကိုလျှောက်လွှာတင်သည့်အချိန်တွင် ဆောင်ရွက်ရမည်) စသည့် စာရွက်စာတမ်းများ နှင့်အတူ အွန်လိုင်းမှတစ်ဆင့် အလွယ်တကူ လျှောက်ထားနိုင်မှာဖြစ်ကြောင်း၊ ချေးငွေလျှောက်လွှာ စိစစ်ခြင်းကို ပုံမှန်အားဖြင့် အစိုးရ ရုံးဖွင့်ရက် တစ်ရက်ခန့်သာ ကြာမြင့်လေ့ရှိပြီး ချေးငွေ အတည်ပြုချက် ရရှိပြီးသည်နှင့် တစ်ပြိုင်နက် KBZPay မိုဘိုင်းပိုက်ဆံအိတ်မှတစ်ဆင့် ဈေးဝယ်ချေးငွေ ဝန်ဆောင်မှုအား စတင်အသုံးပြုသွားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

KBZPay ဈေးဝယ်ချေးငွေ (KBZPay Shopper Loan) ကို ယခုလက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ပုသိမ်၊ တောင်ကြီးမြို့များရှိ KBZPay အဆင့်(၂) အဖြစ်သို့မြှင့်တင်ထားသော သုံးစွဲသူအားလုံး လျှောက်ထားနိုင်မှာ ဖြစ်ပြီး မကြာမီ အချိန်တွင် ကျန်ရှိနေတဲ့ နိုင်ငံတစ်ဝန်းမှ မြို့တွေမှာ ရရှိစေဖို့ လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««