SaGa: Scarlet Grace

Platform စုံစုံနဲ့ ကစားနိုင်မယ့် ဂိမ်းလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ သူ့ရဲ့အဓိက အားသာချက်က ဘယ်စနစ်နဲ့မဆို ကစားနိုင်အောင် ဖန်တီးထားခြင်းပါ။ ရုပ်ထွက်တွေ၊ ဂိမ်းရဲ့ဖန်တီးထားမှုတွေကတော့ စိတ်ကြိုက်မဖြစ်လှပါဘူး။ ဒါပေမဲ့အပျော်တမ်းကစားဖို့ အတွက်ကတော့ အဆင်ပြေမယ့်ဂိမ်းလေးပါပဲ။ SaGa ဂိမ်းတွေထဲမှာသက်တမ်း ၂၅ နှစ်မြောက်အဖြစ် ၁၂ ခွေ မြောက် Update ထွက်ရှိလာခြင်းပါ။

Console သမားတွေ အတွက်ဆိုရင် PS4, Nintendo Switch နဲ့ PS Vita တွေနဲ့ ကစားနိုင်မယ်။ ကွန် ပျူတာသမားတွေအတွက်Wins စနစ်နဲ့ရမယ်၊ ဖုန်းနဲ့ ကစားမယ်ဆိုရင် Android ရော iOS နဲ့ပါ ကစားနိုင်အောင် ဖန်တီးထားတာပါ။ တိုက်ခိုက်ရေးဆန်ဆန် ကစားရမယ့် အခုဂိမ်းက Singleအနေနဲ့ပဲ တစ်ယောက်တည်း အနိုင်ရအောင် ကြိုးစားရပါလိမ့်မယ်။

ရွေးချယ် ကစားနိုင်မယ့် အဓိကဇာတ်ကောင် ၄ ဦးရှိမယ်။ ဂိမ်းရဲ့အစမှာ ကစားသူကိုမေးခွန်းတွေ တစီတတန်းကြီး မေးလာမယ်၊ မေးခွန်းတွေကိုဖြေဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ဘယ်လို ဇာတ်ကောင်ကို သုံးရမယ်ဆိုတာ အဖြေထွက်လာမယ်။ ရလာတဲ့ဇာတ်ကောင်ကို သုံးပြီးဂိမ်းကို အနိုင်ရအောင် ကြိုးစားရမယ်ပေါ့။ ဇာတ်ကောင် တစ်ကောင်ချင်းစီအလိုက် အားသာချက်၊ အားနည်း ချက်တွေ ရှိနေမှာကတော့ ပုံမှန်အထာပါပဲ။

ရန်သူကို အနိုင်ရတိုင်း ရမှတ်တွေရမယ်၊ စုထားနိုင်မယ်၊ အခုဂိမ်းမှာ Battle Point လို့ မသုံးဘဲ Behaviour Point လို့ သုံးတယ်၊ BP ကိုစုထားပြီး Techniques လို့ ခေါ်တဲ့ ကစားသူရဲ့စွမ်းရည်ကို အဆင့်မြှင့်ချိန်မှာ သုံးနိုင်မယ်။ ထူးခြားချက် တစ်ချက်က ပုံမှန်ဂိမ်းတွေမှာ အသက်လက်ကျန် တစ်ခုပဲရှိပေမယ့် အခုဂိမ်းမှာ Health Point နဲ့ Life Point နှစ်မျိုးပါမယ်။ Health Pointက ဂိမ်းကစားရင်း အသက်ပြန်ဖြည့်နိုင်ပေမယ့် Life Point ကတော့ တိုက်ပွဲ ၂ ကြိမ် ပြီးမှ တစ်ကြိမ်အားပြည်ဖြည့်နိုင် မှာပါ။ အဆိုပါ Point နှစ်ခုထဲက ဘယ်တစ်ခုပဲ ကုန်သည်ဖြစ်စေ ဂိမ်းက ရှုံးပါလိမ့်မယ်။ အာရုံပိုစေ တဲ့ အချက်ပါပဲ။

ဂိမ်းကစားတဲ့အဆင့်တက်လာတာနဲ့ အတူ စွမ်းရည်အသစ်တွေ Unlock ဖြစ်လာမယ်။ ရမှတ်နဲ့ ၀ယ်ရမယ့် စွမ်းရည်တွေလည်း ပါရှိသလို ကစားသူရဲ့ အဆင့်တက်လာလို့ Unlock ဖြစ်ပြီး ချက်ချင်း သုံးနိုင်မယ့် စွမ်းရည်တွေလည်း ပါပါတယ်။ လက်နက်တွေရဲ့  အဆင့်ကလည်း ကစားသူ အဆင့်တက်လာသလို လိုက်မြင့်လာမှာပါ။ ရန်သူကို အနိုင်ရချိန်မှာ ရမှတ်အပြင်လက်နက်တွေ အဆင့်တင်ဖို့ လိုအပ်တဲ့ Accessroies တွေလည်း ပါနိုင်လို့ စုထားပြီး လက်နက်ကို ပိုကောင်းအောင် အဆင့်တင်နိုင်ပါလိမ့်မယ်။

ဇာတ်လမ်းသွားကတော့ နည်းနည်းရိုးတယ်၊ ထူးခြားတဲ့ဖန်တီးမှု သိပ်မတွေ့ရပေမယ့် ဖုန်းနဲ့ဂိမ်းကစားမှုများနေတဲ့ အနေအထားမှာ သင့်အနေနဲ့ စိတ်ဝင်စားရင်အခုပဲ Download ချပြီး ကစားကြည့်နိုင်ပါပြီ။ ရင်ဆိုင်ရမယ့် ရန်သူတွေက မိစ္ဆာတွေအပြင် မီးနဂါးလို သတ္တဝါဆန်းတွေ ပါရှိမယ်၊ သင့်အနေနဲ့လည်း လက်နက်ဆန်းဆန်း စွမ်းရည်ဆန်းဆန်းတွေသုံးပြီး တိုက်ခိုက်အနိုင်ယူနိုင်မှာပါ။ ဒါပေမဲ့ အသက်လက်ကျန် နှစ်ခုကိုတော့ သတိထားဖို့မမေ့ပါနဲ့။ ဂိမ်းရဲ့ အစကို ပြန်ရောက်သွားပါလိမ့်မယ်နော်။