S11/S11S နဲ့ M7 Plus အပါအဝင် စမတ်ဖုန်း (၈) မျိုးကို Gionee ပွဲထုတ်မိတ်ဆက်

တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အခမ်းအနားတစ်ခုမှာ တရုတ်စမတ်ဖုန်းကုမ္ပဏီ Gionee က စမတ်ဖုန်းသစ် (၈) မျိုးကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီ စမတ်ဖုန်းတွေထဲမှာ S11S, S11, S11 lite, M7 Plus, M7 mini နဲ့ F205 တို့ ပါဝင်ပါတယ်။

နိုင်ငံခြားဈေးကွက်တွေအတွက် ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် flagship စမတ်ဖုန်းဖြစ်တဲ့ Gionee S11 မှာ Mediatek ရဲ့ Helio P23 SoC နဲ့ octa-core CPU ကို အသုံးပြုထားပါတယ်။ ၅.၉၉ လက်မ 18:9 FullView display ပါဝင်ပြီး 2160 x 1080 pixel resolution နဲ့ ဖော်ပြပေးနိုင်ပါတယ်။ သတင်းထုတ်ပြန်ချက်မှာတော့ RAM 6GB လို့ ဖော်ပြထားပေမယ့် presentation slide မှာတော့ 4GB လို့ဖော်ပြထားပါတယ်။ Internal memory က 64GB ဖြစ်ပါတယ်။ ဒီဟန်းဆက်ရဲ့ ကျောဘက်နဲ့ အရှေ့ဘက်နှစ်ခုစလုံးမှာ 16MP+5MP နဲ့ 16MP+8MP dual-camera အသီးသီး ပါဝင်ပါတယ်။ ဘက်ထရီက 3,410mAh ဖြစ်ပြီး Android 7.1 အခြေခံ Amigo 5.0 UI ကို အသုံးပြုထားပါတယ်။ အရောင်အနေနဲ့ blue, gold, rose gold တို့နဲ့ ရရှိနိုင်ပါတယ်။

Gionee S11S ကိုတော့ တရုတ်ဈေးကွက်အတွက်ပဲ ရည်ရွယ်ဖြန့်ချိထားပါတယ်။ Mediatek ရဲ့ Helio P30 SoC နဲ့ ၆.၀၁ လက်မ FullView display (2160 x 1080 pixel resolution ) ကို အသုံးပြုထားပါတယ်။ RAM က 6GB ဖြစ်ပြီး storage က 64GB ဖြစ်ပါတယ်။ S11S မှာလည်း အရှေ့နဲ့ ကျောဘက်မှာ 16MP+8MP နဲ့ 20MP+8MP dual-camera တွေကို တပ်ဆင်ထားပါတယ်။ အခြား feature တွေအနေနဲ့ customized photo processor DSP ပါဝင်ပြီး အဆင့်မြင့် HDR Effect နဲ့ hardware-level bokeh တို့ပါဝင်ပါတယ်။ NFC payment လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးထားသလို Anti-theft 2.0 နဲ့ Private Space လို့ data security feature တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။

M7 Plus ကတော့ လုံခြုံရေးအသားပေးထုတ်ကုန်တစ်ခုဖြစ်ပြီး Snapdragon 660 SoC နဲ့ ၆.၄၃ လက်မ 18:9 FullView display ကို အသုံးပြုထားပါတယ်။ 6GB RAM, 128GB storage နဲ့ ရရှိနိုင်ပါတယ်။ ဘက်ထရီက 5,000mAh ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းကို တရုတ်ဈေးကွက်အတွက် ရည်ရွယ်ထားတာကြောင့် Alipay IFAA 2.0 စံသတ်မှတ်ချက်ကနေတစ်ဆင့် ငွေလွှဲပြောင်းနိုင်ပါတယ်။ အခြား feature တွေအနေနဲ့ wireless charging နဲ့ artificial intelligence အပြင် အော်ဒါတွေကို ပယ်ဖျက်နိုင်တဲ့ Automatic Speech Recognition နဲ့ တစ်ချက်ထိရုံနဲ့ အလျင်အမြန် ငွေပေးချေနိုင်တဲ့စနစ်တို့ ပါဝင်လာပါတယ်။

S11 lite ကိုလည်း နိုင်ငံခြားဈေးကွက်အတွက် ရည်ရွယ်ထားပါတယ်။ ဒီစမတ်ဖုန်းမှာ Snapdragon SoC နဲ့ 1.4GHz octa-core CPU အသုံးပြုထားပါတယ်။ Display က ၅.၇ လက်မ 18:9 FullView display (1440 x 720 pixel resolution) ဖြစ်ပါတယ်။ RAM က 4GB ဖြစ်ပြီး storage က 32GB ဖြစ်ပါတယ်။ ကျောဘက်မှာ dual camera စနစ် (13MP+2MP) ပါဝင်ပါတယ်။ အရှေ့ဘက်မှာ 16MP selfie ကင်မရာ ပါဝင်ပါတယ်။ Android 7.1 အခြေခံ Amigo 5.0 skin သုံးထားပြီး ဘက်ထရီက 3,030mAh ဖြစ်ပါတယ်။ အရောင်ကိုတော့ gold, dark blue, black တို့နဲ့ ရရှိနိုင်ပါတယ်။

တန်ဖိုးအနေနဲ့ M7 Plus အတွက် ၆၆၅ ဒေါ်လာ၊ S11S အတွက် ဒေါ်လာ ၅၀၀၊ S11 အတွက် ၂၇၂ ဒေါ်လာနဲ့ S11 lite အတွက် ၁၉၅ ဒေါ်လာ အသီးသီးကျသင့်မှာဖြစ်ပါတယ်။ S11 နဲ့ S11S ကို ဒီဇင်ဘာလမှာ ရောင်းချသွားမှာဖြစ်ပြီး ကျန်မော်ဒယ်နှစ်မျိုးကိုတော့ ၂၀၁၈ ဇန်နဝါရီလမှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။

ကျန်ဟန်းဆက်များကတော့ တရုတ်ကုမ္ပဏီက တရားဝင်ပွဲထုတ်မိတ်ဆက်ထားတဲ့ M7 နဲ့ M7 Power နဲ့ ပွဲမှာမိတ်ဆက်ခဲ့တဲ့ M7 Mini, F205 တို့ ဖြစ်ပါတယ်။ M7 Mini နဲ့ F205 တို့ရဲ့ အချက်အလက်တွေကို မသိရသေးပေမယ့် ဒီဇင်ဘာလမှာ တန်ဖိုး ၂၁၀ ဒေါ်လာနဲ့ ၁၅၀ ဒေါ်လာ အသီးသီးနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena