Reverse Wirelss Charging နည်းပညာ

Reverse Wireless Charging (ပြောင်းပြန်ကြိုးမဲ့အားသွင်းခြင်း) နည်းပညာဆိုတာကတော့ စမတ်ဖုန်းကို power bank တစ်လုံးအနေနဲ့ပါ အသုံးပြုနိုင်မယ့် နည်းပညာဖြစ်ပါတယ်။ ဒီနည်းပညာက နောက်ဆုံးပေါ် စမတ်ဖုန်းမော်ဒယ်တွေမှာ ထည့်သွင်းအသုံးပြုလာတဲ့ ကြိုးမဲ့အားသွင်းခြင်းနည်းပညာတစ်ခု ဖြစ်ပါတယ်။ ဒီနည်းပညာကို Qi ရဲ့ ကြိုးမဲ့အားသွင်းစံပေါ် အခြေခံပြီး Huawei က ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှာ မိတ်ဆက်ခဲ့တဲ့ ၎င်းတို့ရဲ့ Mate 20 Pro မော်ဒယ်စမတ်ဖုန်းမှာ စတင် အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒီဖုန်းက Wireless Charging ကြိုးမဲ့အားသွင်းနည်းပညာ ထောက်ပံ့ပါတွင်တဲ့ စမတ်ဖုန်း၊ နားကြပ်၊ စမတ်နာရီ စတဲ့ အီလက်ထရွန်းနစ်ထုတ်ကုန်ပစ္စည်းတွေကို ကြိုးမဲ့အနေနဲ့ ပြန်လည်အားသွင်းပေးနိုင်ပါတယ်။

ဒီနည်းပညာက ဖုန်းဘက်ထရီကတစ်ဆင့် အခြားဖုန်းတစ်လုံးကို ကြိုးမဲ့ပြန်လည် အားသွင်းပေးနိုင်ပေမယ့် မြန်ဆန်မှုတော့ သိပ်မရှိသေးပါဘူး။ Mate 20 Pro တုန်းကတော့ Reverse ကြိုးမဲ့အားသွင်းဖို့အတွက် ဖုန်းကနေ ၂.၅ ဝပ်မှ ၃ ဝပ်အထိသာ ထုတ်ပေးနိုင်လို့ပါ။ ဒါပေမဲ့ ဖုန်းအားသွင်းဖို့ လျှပ်စစ်မီးမရှိ၊ အားသွင်းကြိုးမရှိတဲ့ အခါမျိုးမှာ ဒီနည်းပညာကို အသုံးပြုပြီး အလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီနည်းပညာကို Samsung Galaxy S10 မှာလည်း ပါဝင်လာပေမယ့် (၉) ဝပ်သာ ထုတ်ပေးနိုင်တဲ့အတွက် မြန်ဆန်တယ်လို့ မဆိုနိုင်သေးပါဘူး။ ဒါပေမဲ့ Qi စံသတ်မှတ်နဲ့ကိုက်ညီတဲ့ မည်သည့် ကြိုးမဲ့အားသွင်းနည်းပညာထောက်ပံ့တဲ့ အီလက်ထရွန်းနစ်ထုတ်ကုန်မဆို ဖုန်းကနေ အလွယ်တကူ Reverse Wireless Charging ကို အသုံးပြုပြီး အားသွင်းနိုင်မှာဖြစ်ပါတယ်။

လက်ရှိဈေးကွက်ထဲမှာတော့ Huawei P30 Pro, Mate 30, Samsung Galaxy S10, S10 Plus, Note 10, Note 10 Plus, Fold နှင့် S10e တို့မှာ Reverse Wireless Charing နည်းပညာ ထောက်ပံ့ပါဝင်သေးတာဖြစ်ပြီး Samsung ဖုန်းတွေမှာတော့ ဒီနည်းပညာကို Wireless PowerShare ဆိုပြီး သုံးနှုန်းပါတယ်။ နောက်ဆုံးပေါ် Flagship မော်ဒယ် စမတ်ဖုန်းအများစုမှာတော့ မြန်ဆန်တဲ့ Wireless Charging ကြိုးမဲ့ အားသွင်းနည်းပညာသာ ထောက်ပံ့ပါဝင်ပေမယ့် Reverse Wireless Charging ပြောင်းပြန်ကြိုးမဲ့ အားသွင်းနည်းပညာတော့ ထောက်ပံ့ပါဝင်ခြင်း မရှိသေးပါဘူး။

-ရဲထွဋ်ဝင်း