Resdi APP အတွက် ဖန်တီးရာမှ ဒေါ်လာ ၂၅,၀၀၀ ရင်းနှီးမြှုပ်နှံ

ဖန်တီးရာမှ ရန်ကုန်အခြေစိုက် Startup တစ်ခုဖြစ်တဲ့ Resdi အတွက် ဒေါ်လာ ၂၅,၀၀၀ ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ သိရပါတယ်။

Resdi APP ဟာ စားသောက်ဆိုင်တွေမှာ Booking လုပ်ခြင်းနဲ့ လျှော့ဈေးပေးအပ်ခြင်းကို အဓိက လုပ်ဆောင်တဲ့ APP တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ “Resdi အနေနဲ့ ဖန်တီးရာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုဟာ Resdi အက်ပလီကေးရှင်း အတွက် လက်ရှိအသုံးပြုထားတဲ့ နည်းပညာတွေကို အဆင့်မြှင့်ခြင်းနဲ့ အသုံးပြုသူ ပိုမိုရရှိအောင် လုပ်ဆောင်ခြင်းတို့မှာ အသုံးပြုသွားမှာပါ။ Resdi လိုမျိုး မြန်မာ startup တွေအတွက် ဖန်တီးရာရဲ့ ရင်းနှီးမြှုပ်နှံမှု၊ လမ်းညွှန်အကြံပေးမှု၊ အဆက်အသွယ်ရရှိစေရန် ကူညီပေးမှုတွေဟာ လုပ်ငန်းတွေတိုးချဲ့ရာမှာ များစွာအကူအညီရစေပါတယ်”လို့ Resdi ရဲ့ Co-Founder နှင့် CEO ဖြစ်သူ ကိုဇေရဲထွဋ်ကပြောပါတယ်။

ဖန်တီးရာသည် startup တစ်ခုချင်းစီအတွက် စတင် တည်ထောင်သည့်အဆင့်တွင် လုပ်ငန်းတစ်ခုချင်းအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ဖန်တီးရာရဲ့ ယခုရင်းနှီးမြှုပ်နှံမှု အစီစဉ်သစ်တွင်လည်း pre-seed နဲ့ seed အဆင့်ရှိ startup များအတွက် ဆက်လက်ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ဖန်တီးရာအနေနဲ့ startup ပေါင်း ၁၇ ခုမှာ ရင်းနှီးမြှုပ်နှံခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

-အောင်သူ