Realme C11

Price – 149,900 Ks (2/32GB)

အားသာချက်

ပြည့်ဝကောင်းမွန်တဲ့ ဘက်ထရီစွမ်းဆောင်ရည်၊ ကောင်းမွန်တဲ့ ကင်မရာစနစ်၊ ရှင်းလင်းပြေပြစ်တဲ့ ဒီဇိုင်းနဲ့ UI စနစ်အပြင် Display ရဲ့ ရုပ်ထွက်ပိုင်း ကောင်းမွန်တာတွေက ဒီဖုန်းရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

ဖုန်းရဲ့ အလုံးစုံ စွမ်းဆောင်ရည်ပိုင်း အားနည်းတာနဲ့ RAM 2GB ပဲပါဝင်တာတွေက ဒီဖုန်းရဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်

  • MediaTek Helio G35 (12 nm) CPU
  • PowerVR GE8320 GPU
  • 2GB RAM
  • 32GB; microSDXC
  • Android 10, realme UI 1.0

Realme C11 မှာ အမြန်နှုန်း 2.3GHz ရှိတဲ့ MediaTek Helio G35 chipset, PowerVR GE8320 GPU စနစ်၊ RAM 2GB နဲ့ အချက်အလက်သိုလှောင်နိုင်မှုကတော့ 32GB ပါဝင်ပြီး Android 10 အခြေခံ realme UI 1.0 OS စနစ်ကို ထည့်သွင်းအသုံးပြုထားပါတယ်။ multi-core စွမ်းဆောင်ရည်ပိုင်းက GeekBench 5 (multi-core) ရမှတ် ၈၄၄ နဲ့ AnTuTu 8 ရမှတ် ၁၀၄၆၁၆ ရှိတာက နေ့စဉ်သုံး လုပ်ငန်းဆောင်တာမျိုးစုံအတွက် ချောမွေ့ကောင်းမွန်မှုရှိတဲ့ Milti task အသုံးပြုတာမျိုး app တစ်ခုသုံးနေရင် နောက်တစ်ခုကို ပြောင်းလဲ အသုံးပြုတာမျိုးတွေကိုတော့ စိတ်ရှည်ရှည်နဲ့အသုံးပြုဖို့လိုမှာ ဖြစ်ပါတယ်။ လက်ရှိ ခေတ်စားနေတဲ့ အွန်လိုင်းဂိမ်းတွေကို ချောမွေ့ကောင်းမွန်စွာ ကစားဖို့တော့ မဖြစ်နိုင်ပါဘူး။ ဂိမ်းကစားမှုပိုင်းနဲ့ ဖုန်းအသုံးပြုမှုပိုင်း ခြုံပြီးပြောရမယ်ဆိုရင်တော့ စွမ်းဆောင်ရည်ပိုင်းက သိပ်အားမရပေမယ့် အချိန်ကြာကြာ အသုံးပြုမှုအတွက် ဖုန်းကိုယ်ထည် ပူနွေးမှုမရှိတာ သဘောကျစရာပါ။ အသံထွက်ပိုင်းက ကောင်းမွန်သလို USB On-The-Go စနစ်ပါဝင်တာက entry level ဖုန်းအတွက် ကျေနပ်စရာပါ။ remeal UI 1.0 မှာ Dark mode စနစ်ထောက်ပံ့ပါဝင်ပြီး ရှင်းလင်း ပြေပြစ်တဲ့ UI ကလည်း သစ်လွင်မှုရှိတယ်လို့ ခံစားရပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

  • Water-drop notch selfie camera
  • 6.5 inches, IPS LCD display
  • 20:9 aspect ratio
  • 196g

Realme ရဲ့ ဘတ်ဂျက်နဲ့ mid-range ဖုန်းတွေက ဒီဇိုင်းပိုင်း သိပ်မကွာခြားလှပေမယ့် realme C11 ရဲ့ ကျောဘက်မှာတော့ သိသာစွာ ကင်မရာကို iPhone စတိုင် လေးထောင့်ကွက်ထဲ ထည့်သွင်း ပြောင်းလဲဖန်တီးထားတာက ပေါ်လွင်လှပမှုရှိပါတယ်။ ပလတ်စတစ်ကိုယ် ထည်အပြည့်ကို ဆွဲဆောင်မှုရှိရှိ သပ်သပ်ရပ်ရပ် ဒီဇိုင်းထုတ်ထားတာ သစ်လွင်မှုရှိလှပါတယ်။ ရှေ့ဘက်ကင်မရာကိုတော့ ရေစက်ပုံစံ notch ထဲမှာ ထည့်သွင်းဖန်တီးထားပြီး ဖုန်းရဲ့ ညာဘက်ဘောင်ထဲမှာ ပါဝါခလုတ်နဲ့ အသံအတိုးအကျယ် ခလုတ်တွေ ထည့်သွင်းထားပါတယ်။ အောက်ဘက်ဘောင်ထဲမှာတော့ နားကြပ်ပေါက်၊ microUSB အားသွင်းပေါက်နဲ့ စပီကာတစ်လုံး တပ်ဆင်ထားပြီး ဘယ်ဘက်ဘောင်ထဲမှာ nano SIM ကတ်ပေါက်ရှိမှာ ဖြစ်ပါတယ်။ လက်ဗွေစနစ် မပါဝင်တဲ့အတွက် မျက်နှာနဲ့ ဖုန်း screen ကို Unlock လုပ်တဲ့ face unlock စနစ်ကို အသုံးပြုရမှာပါ။

ဒီဖုန်းရဲ့ ၆.၅ လက်မရှိတဲ့ IPS LCD Display က ရုပ်ထွက်အရည်အသွေး 720×1560 pixel အထိထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၁.၇ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ pixel densiy က 270 ppi ရှိပါတယ်။ 720p Fullscreen မျက်နှာပြင်က ရုပ်ထွက်ကာလာ contrast ပိုင်း ကြည်လင်ပြတ်သားမှုရှိပြီး နေရောင်အောက်မှာအသုံးပြုတဲ့အခါမှာ Screen ရဲ့ Brightness က ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် ကျေနပ်စရာပါ။

ကင်မရာ

  • Standard: 13MP (wide), f/2.2, PDAF
  • 2MP, f/2.4 (depth)
  • Selfie : 5M, f/2.4 (wide)
Video : 1080p@30fps
  • LED flash, HDR, Panorama

Realme C11 မှာ 13MP အဓိက ကင်မရာနဲ့ 2MP depth ကင်မရာနှစ်လုံးကို LED flash နဲ့ တွဲပြီး iPhone စတိုင် လေးထောင့်ကွက်ပုံစံနဲ့ ကျောဘက်မှာ ထည့်သွင်းထားပါတယ်။ entry-level ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် ကင်မရာစနစ်က ကျေနပ်စရာစရာပါ။ နေ့ပိုင်းအလင်းရောင်ထဲ ရိုက်ကူးမှုက ကာလာပိုင်းစိုပြည်ပြီး အရည်အသွေးကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်သလို ညပိုင်း အလင်းအားနည်းတဲ့ အခြေအနေမျိုး ရိုက်ကူးမှုကလည်း ပုံမှန်ရိုက်ကူးမှုက အနည်းငယ် မှုန်ဝါးမှုရှိနိုင်ပေမယ့် Nightscape mode နဲ့ ပြောင်းလဲရိုက်ကူးမယ်ဆိုရင်တော့ ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် ကျေနပ်စရာအရည်အသွေးရှိတယ်လို့ ဆိုရမှာပါ။ entry-level ဖုန်းတော်တော်များများမှာ Night mode သီးသန့်ထောက်ပံ့ပါဝင်လေ့ မရှိကြပါဘူး။ ရှေ့ဘက်မျက်နှာပြင်ထဲက 5MP selfie ကင်မရာကို notch ထဲမှာ ထည့်သွင်းထားတာဖြစ်ပြီး ကာလာရုပ်ထွက်ပိုင်း ကောင်းမွန်တဲ့ selfie ဓာတ်ပုံတွေကို ရိုက်ကူးနိုင်တာ ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် သဘောကျစရာပါ။ ကင်မရာစနစ်မှာ PDAF နည်းပညာ၊ ထောက်ပံ့ပါဝင်ပြီး ရှေ့နောက်ကင်မရာနှစ်ခုလုံးက 30fps ဗီဒီယိုကို 1080p အရည်အသွေးနဲ့ ရိုက်ကူးနိုင်ပါတယ်။

ဘက်ထရီ

  • Li-Po 5000mAh
  • 10W Fast Charging
  • microUSB 2.0, USB On-The-Go

ဒီဖုန်းမှာ 5000mAh ကို ပမာဏ ဘက်ထရီကိုအသုံးပြုထားပြီး ပုံမှန်အသုံးပြုမှုကို နှစ်ရက်အသုံးပြုနိုင်မယ်လို့ realme က ဆိုပါတယ်။ ပုံမှန်ဖုန်းပြော၊ ဆိုရှယ်မီဒီယာသုံး၊ YouTube ကြည့်တာမျိုးလောက်ကိုတော့ ဘက်ထရီနဲ့ တစ်ရက်ခွဲလောက် ကောင်းကောင်းသုံးနိုင်တာ ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် သဘောကျစရာပါ။ HD ဗီဒီယိုဆက်တိုက်ဖွင့်ထားမှုကို ၂၈ နာရီနဲ့ ၂၅ မိနစ် အသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ထရီစနစ်မှာ 10W fast charging အားသွင်းမြန်ဆန်တဲ့နည်းပညာ ထောက်ပံ့ပါဝင်ပါတယ်။

သုံးသပ်ချက်

Realme C11 က စတိုင်ကျလှပတဲ့ entry-level ဘတ်ဂျတ်ဖုန်းကို ကိုင်ချင်သူတွေကို အထူးဆွဲဆောင်နိုင်တဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။ ဘက်ထရီနဲ့ အချိန်ကြာကြာ သုံးနိုင်သလို Display နဲ့ ကင်မရာစနစ်ကလည်း ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် ကျေနပ်စရာပါ။ ဖုန်းကို စတင်အသုံးပြုမယ့်သူတွေ ဖုန်းသုံးရုံ ဂိမ်းမဆော့တဲ့သူတွေ၊ သာမန်ဖုန်းသုံးသူတွေနဲ့ စွမ်းဆောင်ရည်ပိုင်း အရမ်းကောင်းစရာမလိုဘဲ ဈေးသက်သာပြီး ဒီဇိုင်းလှတဲ့ ဖုန်းကိုင်ချင်သူ တွေအတွက် သင့်တော်လှတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဖုန်းကို စွယ်စုံသုံးချင်သလို စွမ်းဆောင်ရည်ပိုင်း ကောင်းကောင်းနဲ့ အွန်လိုင်းဂိမ်း ကစားချင်သူတွေ အတွက်ကတော့ ပိုက်ဆံ သုံး-လေးသောင်းလောက် အနည်းငယ် ပိုသုံးပြီး RAM နဲ့ Storage ပိုများသလို ဖုန်းစွမ်းဆောင်ရည်ပိုင်း ပိုမြန်တဲ့ ဖုန်းကို ဝယ်ယူသင့်တယ်လို့ ဆိုချင်ပါတယ်။

Display
Performance
Camera
Battery
Hand On
Over All

-ရဲထွဋ်ဝင်း