Realme 6i

Price – 269,900 Ks (4/128GB)

အားသာချက်

ကိုယ်ထည်ဒီဇိုင်းက စိတ်ဝင်စားဖွယ်စရာ ကောင်းသလို မိုးတွင်းလိုအခါမျိုးမှာ ရေစင်တာမျိုးကိုလည်း ခံနိုင်မှုရှိတဲ့ splash-resistant လည်းထောက်ပံ့ပါဝင်ပါတယ်။ ကြီးမားတဲ့ မြင်ကွင်းက Contrast ပိုင်းကောင်းမွန်တာ၊ ဂိမ်းကစားဖို့အတွက် စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်တာနဲ့ အဓိက ကင်မရာက ရုပ်ထွက်အရည်အသွေး ကောင်းမွန်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်တာတွေအပြင် အချိန်ကြာကြာ အသုံးပြုနိုင်မယ့် ဘက်ထရီစနစ်တွေပါဝင်တာက ဒီဖုန်းရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

ကင်မရာစနစ်မှာ OIS နည်းပညာ ထောက်ပံ့ပါဝင်ခြင်းမရှိတာ၊ Low-res Display က နေရောင်အောက်မှာ အသုံးပြုတဲ့အခါမျိုးမှာ တောက်ပမှုပိုင်းသိပ်မရှိတာ၊ စပီကာက ဘေ့စ်သံထွက်ပိုင်း အားနည်းတယ်လို့ ခံစားရတာနဲ့ အလွယ်တကူ uninstall လုပ်နိုင်ပေမယ့် Bloatware တွေများစွာ ပါဝင်လာတာတွေက ဒီဖုန်းရဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်

• MediaTek Helio G80 (12 nm) CPU • Mali-G52 MC2
• 4GB RAM= • 128GB; microSD slot
• Android 10, Realme UI

MediaTek Helio G80 က ဘတ်ဂျက်ဖုန်းတွေမှာ ဂိမ်း အဓိက ကစားနိုင်ဖို့အတွက် ထုတ်လုပ်ထားတဲ့ SoC ဖြစ်ပြီး Realme 6i မှာ Octa-core CPU နဲ့ Mali-G52 GPU စနစ်တွေထောက်ပံ့ပါဝင်ပါတယ်။ RAM 4GB နဲ့ အချက်အလက်သိုလှောင်နိုင်မှုကတော့ 128GB ပါဝင်ပါတယ်။ GeekBench 5.1 (multi-core) ရမှတ်က ၁၃၄၉ အမြင့်ဆုံးရရှိသလို AnTuTu 8 ရဲ့ ရမှတ်ကတော့ ၂၀၂၂၇၅ ထိရှိတာ ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် အထင်ကြီးစရာကောင်းသလို မြန်ဆန်ကောင်းမွန်တဲ့ ဂိမ်းစွမ်းဆောင်ရည်နဲ့ ဖုန်းစွမ်းဆောင်ရည်တွေနဲ့ အသုံးပြုနိုင်တာကလည်း ကျေနပ်စရာပါ။ အသံထွက်ပိုင်း ကျယ်လောင်မှုရှိပေမယ့် ဘေ့စ်သံပိုင်းကတော့ တော်တော်လေး အားနည်းတာတွေ့ရပါတယ်။ Android 10 အခြေခံ Realme UI မှာ Realme AI စနစ် ထောက်ပံ့ပါဝင်ပြီး အသုံးတဲ့မယ့် pre-install app ဖြစ်တဲ့ Bloatware တွေပါဝင်လာပေမယ့် မိမိအနေနဲ့ အသုံးမပြုဖြစ်ရင်တော့ App တွေရဲ့ အသိပေးချက်တွေက အနှောင့်အယှက်ဖြစ်တယ်လို့ ခံစားရမှာပါ။

ဒီဇိုင်းနဲ့ မျက်နှာပြင်

• 6.5 inches IPS LCD display • Gorilla Glass 3
• 20:9 aspect ratio • Splash-resistant
• Fingerprint (rear-mounted) • 199g

ဘတ်ဂျက်ဖုန်းဖြစ်ပေမယ့် Realme 6i ဒီဇိုင်းက ဆွဲဆောင်မှုရှိတယ်လို့ဆိုရမှာပါ။ ပလတ်စတစ်ကိုယ်ထည်ဖြစ်ပေမယ့် ရှေ့ဘက်မျက်နှာပြင်ကို Gorilla Glass 3 နဲ့ ကာကွယ်ပေးထားပါတယ်။ မြင်ကွင်းအရွယ်အစားကြီးမားတဲ့ ကိုယ်ထည်က လက်ထဲမှာ ကိုင်ရတာ အံဝင်ခွင်ကျမှုရှိတာ နှစ်ခြိုက်စရာပါ။ ညာဘက်ဘောင်ထဲမှာ ပါဝါခလုတ်နဲ့ ဘယ်ဘက်ဘောင်ထဲမှာ အသံအတိုးအကျယ်ခလုတ်တွေ တပ်ဆင်ထားပြီး လက်ဗွေစနစ်ကတော့ ဖုန်းရဲ့ ကျောဘက်မှာ ထည့်သွင်းထားပါတယ်။ အောက်ဘက်ဘောင်ထဲမှာတော့ USB C အားသွင်းပေါက်၊ စပီကာနဲ့ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။
Realme 6i ရဲ့ မျက်နှာပြင်အရွယ်အစားက ၆.၅ လက်မရှိတဲ့ IPS LCD Display မျက်နှာပြင်ဖြစ်ပြီး ရုပ်ထွက်အရည်အသွေး 720×1600 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၂.၃ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ pixel densiy က 270ppi ရှိပါတယ်။ ရှေ့ဘက်မျက်နှာပြင်ကို Gorilla Glass 3 နဲ့ ကာကွယ်ပေးထားပြီး Display ရဲ့ ရုပ်ထွက်ကာလာ contrast ပိုင်းကောင်းမွန်ပေမယ့် Screen ရဲ့ Brightness တောက်ပမှုပိုင်းက နေရောင်အောက်မှာ အသုံးပြုရတာ အနည်းငယ်မှိန်တယ်လို့ ခံစားရပါတယ်။

ကင်မရာ

• Standard: 48MP, f/1.8 (Wide) PDAF • 8MP, f/2.3 (ultrawide)
• 2MP, f/2.4 (macro) • 2MP, f/2.4 (depth)
• Selfie : 16MP, f/2.0 (wide) • Video : 1080p (30fps) , gyro-EIS
• LED flash, HDR, Panorama

အလယ်အလတ်တန်း ဘတ်ဂျက်အမျိုးအစားဖုန်းမှာ ကင်မရာလေးလုံး တပ်ဆင်ပေးထားပြီး realme 5 လိုမျိုး ကျောဘက်မှာ ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ အဓိက 48MP ကင်မရာမှာ PDAF စနစ်နဲ့ Quad Bayer filter စနစ်တွေထောက်ပံ့ပါဝင်ပြီး 1080p အရည်အသွေးဗီဒီယိုကို 30fps နဲ့ အမြင့်ဆုံးထားရှိ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ultrawide ကင်မရာက ၁၁၉ ဒီဂရီ မြင်ကွင်းကျယ် ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး 2MP depth ကင်မရာကတော့ နောက်ခံဝါးဝါး Portrait ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်သလို 2MP macro ကင်မရာကလည်း အနီးကပ်ရိုက်ကူးမှုကို ၄ စင်တီမီတာ အကွာကနေ ရိုက်ကူးနိုင်စေမှာဖြစ်ပါတယ်။ အလင်းရောင်ကောင်းမွန်တဲ့ နေ့ဘက် ရိုက်ကူးမှုအတွက်ကတော့ ပေးရတဲ့တန်ဖိုးနဲ့ဆိုရင်တော့ စိတ်ကျေနပ်မှုအပြည့် ပေးနိုင်ပေမယ့် ညပိုင်း ရိုက်ကူးမှုမှာတော့ ရုပ်ထွက်ပိုင်းကောင်းမွန်ပေမယ့် ဓာတ်ပုံအရည်အသွေးက အနည်းငယ် ကျဆင်းမှုရှိတာတွေ့ရပါတယ်။
ရှေ့ကင်မရာက Realme 6 လိုမျိုး aperture f/2.0 ရှိတဲ့ 16MP ကင်ရာကို notch ထဲမှာ ထည့်သွင်းထားတာဖြစ်ပြီး မျက်နှာကို လှပအောင် ပြင်ဆင်ရိုက်ကူးနိုင်မယ့် beatification လုပ်ဆောင်ချက်နဲ့ HDR စနစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။ အပြင်ဘက် outdoor နဲ့ အတွင်းပိုင်း indoor ရိုက်ကူးမှုအတွက် ကောင်းမွန်မှုရှိပါတယ်။

ဘက်ထရီ

• Li-Po 5000 mAh • 18W Fast Charging
• 2.0, USB Type-C • USB On-The-Go

Realme 6i မှာ ကြီးမားတဲ့ 5000 mAh ဘက်ထရီကို ထည့်သွင်းထားပြီး 18W fast charging အားသွင်းမြန်ဆန်တဲ့ နည်းပညာလည်း ထောက်ပံ့ပါဝင်လာပါတယ်။ မိနစ် ၃၀ အတွင်း ၃၃ ရာခိုင်နှုန်းအထက် အားသွင်းပေးနိုင်ပြီး မိနစ် ၅၀ ဆိုရင်တော့ ၅၀ ရာခိုင်နှုန်းထိ အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။ ပါဝါသုံးစွဲမှုနည်းတဲ့ Mediatek Helio G80, Low-res Display နဲ့ ကြီးမားတဲ့ ဘက်ထရီတွေပါဝင်တဲ့အတွက် အားအပြည့်သွင်းထားရုံနဲ့ ဂိမ်းကစားတာ၊ ဗီဒီယိုကြည့်တာ၊ ဗီဒီယိုဖုန်းခေါ်တာ၊ ဓာတ်ဖမ်းတာနဲ့ ဆိုရှယ်မီဒီယာ စတာတွေကို စိတ်ကြိုက်အသုံးပြုတာတွေကို နှစ်ရက်နီးပါး ကောင်းကောင်းအသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

သုံးသပ်ချက်

Realme 6i က စွမ်းဆောင်ရည်နဲ့ ဒီဇိုင်းပိုင်းကောင်းမွန်တဲ့ ဘတ်ဂျက်ဖုန်းဖြစ်သလို ဂိမ်းစွမ်းဆောင်ရည်နဲ့ ဘက်ထရီနဲ့ ကြာကြာအသုံးပြုနိုင်တဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။ Display ကြီးတဲ့ ဖုန်းကြိုက်တဲ့သူတွေနဲ့ ဘက်ထရီကြာကြာ သုံးနိုင်တဲ့ အလယ်အလတ်တန်း ဘတ်ဂျက်စမတ်ဖုန်းကိုင်ချင်သူတွေအတွက် သင့်တော်တဲ့ဖုန်းတစ်လုံးလို့ ဆိုရမှာဖြစ်ပေမယ့် သူ့ထက် ဈေးအနည်းငယ်ပိုသက်သာတဲ့ Redmi Note 8 က Display ပိုင်းနဲ့ ဗီဒီယိုရိုက်ကူးနိုင်မှုပိုင်းတွေကတော့ ပိုသာတယ်လို့ မြင်ပါတယ်။ မိမိအနေနဲ့ ဖုန်းကို ဖုန်းပြောရုံသာမကဘဲ တစ်ကိုယ်ရေဖျော်ဖြေမှု မာတီမီဒီယာအတွက် သုံးမယ်ဆိုရင်တော့ ဘက်ထရီနဲ့ အချိန်ကြာကြာသုံးနိုင်ပြီး ကင်မရာစနစ်နဲ့ ဖုန်းစွမ်းဆောင်ရည်ပိုင်း ကောင်းမွန်မှုရှိတဲ့ အလယ်အလတ်အမျိုးအစား ဘတ်ဂျက်ဖုန်းကို ကိုင်ချင်တယ်ဆိုရင်တော့ ဒီဇိုင်းပိုင်းဆန်းသစ်မှုရှိတဲ့ Realme 6i က ရွေးချယ်စရာတစ်ခုလို့ ဆိုချင်ပါတယ်။

Display
Performance
Camera
Battery
Hand on
Over all

-ရဲထွဋ်ဝင်း