Razer Phone ရဲ့ ဒီဇိုင်းပုံ ပေါက်ကြားထွက်ပေါ်လာ

ပြီးခဲ့တဲ့ ရက်သတ္တပတ်က Razer ရဲ့ ပထမဆုံး စမတ်ဖုန်းကို နိုဝင်ဘာ ၁ ရက်မှာ ပွဲထုတ်မိတ်ဆက်မယ်လို့ သတင်းထွက်ပေါ်ခဲ့သလို Razer Phone ရဲ့ အချက်အလက်အချို့ဟာလည်း GFXBench benchmarking platform ကနေ ထွက်ပေါ်လာခဲ့ပါတယ်။ အခုအခါမှာလည်း Razer Phone ရဲ့ ဓာတ်ပုံတစ်ပုံက ဆလိုဗက်ကီးယား သတင်းဌာနတစ်ခုကနေ ထွက်ပေါ်လာခဲ့ပါတယ်။

ပေါက်ကြားထွက်ပေါ်လာတဲ့ ဓာတ်ပုံအရ Razer Phone ဟန်းဆက်ရဲ့ ကျောဘက်မှာ အရွယ်ကြီးမားတဲ့ ကုမ္ပဏီလိုဂိုတစ်ခု ပါဝင်ပြီး ကျောဘက် panel ရဲ့ ဘယ်ဘက်ထိပ်မှာ ကင်မရာနှစ်ခု တပ်ဆင်ထားတာကို တွေ့ရပါတယ်။ အသံအတိုးအကျယ်ခလုတ်တွေကိုတော့ ဖုန်းရဲ့ညာဘက်ဘေးမှာ တပ်ဆင်ထားပါတယ်။

Razer Phone ရဲ့ benchmark စာရင်းမှာဖော်ပြထားချက်အရ အဆိုပါဟန်းဆက်မှာ ၅.၇ လက်မ Quad HD (2,560 x 1,440 pixels) display ပါဝင်ပြီး aspect ratio က 16:9 ဖြစ်တယ်လို့ ဆိုပါတယ်။

ကောလာဟလသတင်းတွေမှာတော့ Razer Phone ဟာ hardcore gamer တွေအတွက် ဖန်တီးထားတာဖြစ်ပြီး Snapdragon 835 chipset နဲ့ 8GB RAM ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ သိုလှောင်မှုပမာဏက 64GB ဖြစ်ပြီး microSD card slot တစ်ခု ပါဝင်လာဖွယ်ရှိပါတယ်။ Operating system က Android 7.1.1 Nougat OS ဖြစ်ပါတယ်။ Dual camera စနစ်ရဲ့ lens တစ်ခုက 12-megapixel ဖြစ်ပြီး selfie ကင်မရာက 8-megapixel ဖြစ်တယ်လို့ ဆိုပါတယ်။

Razer ရဲ့ ပထမဆုံးစမတ်ဖုန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ လာမယ့်ရက်သတ္တပတ်အတွင်းမှာ ပိုမိုသိရှိရမယ်လို့ မျှော်လင့်ရပါတယ်။

-နောင်နောင်
Ref: GizmoChina