Razer Phone ကို laptop အဖြစ် ပြောင်းလဲအသုံးပြုနိုင်မယ့် Project Linda

ကွန်ပျူတာတွေကို ထုတ်လုပ်တဲ့ Razer ဟာ နှစ်စဉ်နှစ်တိုင်း CES ပြပွဲတွေမှာ တီထွင်မှုအားကောင်းတဲ့ concept တွေကို မိတ်ဆက်ခဲ့ပါတယ်။ Razer က modular desktop ကနေ မျက်နှာပြင် သုံးခုပါဝင်တဲ့ laptop တွေအထိ ပြပွဲတွေမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။

ဒီနှစ် CES ပြပွဲမှာတော့ Project Linda လို့ခေါ်တဲ့ concept ထုတ်ကုန်တစ်မျိုးကို ပြသခဲ့ပါတယ်။ အဲဒီ ထုတ်ကုန်ဟာ ၁၃ လက်မ laptop ဖြစ်ပြီး လက်ရှိဈေးကွက်အတွင်းက Razer Blade Stealth နဲ့ဆင်ပါတယ်။ Project Linda မှာ Intel ချစ်ပ်မသုံးထားဘဲ ကုမ္ပဏီရဲ့ကိုယ်ပိုင် Razer Phone နဲ့တွဲဖက်အသုံးပြုနိုင်အောင် စီမံထားပါတယ်။ Razer Phone ဟာ Qualcomm Snapdragon 835 CPU အသုံးပြုထားတဲ့ Android ထုတ်ကုန် တစ်မျိုးဖြစ်ပါတယ်။

Project Linda ထုတ်ကုန်ဟာ စမတ်ဖုန်းနဲ့ laptop ကိုပေါင်းစည်းဖို့ ကြိုးစားလာတဲ့ ထုတ်ကုန်တစ်မျိုး ဖြစ်ပါတယ်။ Project Linda ရဲ့ touchpad နေရာမှာ ကြီးမားတဲ့ dock နေရာလွတ်တစ်ခု ပါဝင်ပါတယ်။ အဲဒီ နေရာလွတ်မှာ Razer Phone ထည့်သွင်းလို့ရအောင် ဖန်တီးထားပါတယ်။ လတ်တလော ထွက်ရှိထားတဲ့ Razer Phone မှာပါဝင်တဲ့ 120Hz မျက်နှာပြင်နဲ့ ပတ်သက်လို့ review တွေမှာ ချီးကျူးထားကြပါတယ်။

Razer Phone ကို Project Linda အတွင်း ထည့်သွင်းအသုံးပြုပြီး ဖုန်းမျက်နှာပြင်ကို touchpad အဖြစ် အသုံးပြုနိုင်သလို ဒုတိယ screen အဖြစ်လည်း သုံးစွဲနိုင်ပါသေးတယ်။

“Project Linda ဟာ ကမ္ဘာတစ်ခုစလုံး (laptop နဲ့ စမတ်ဖုန်း) က အကောင်းဆုံးတွေကို ပေါင်းစပ်ပေးပါတယ်။ Android ကဏ္ဍမှာ မျက်နှာပြင်ခပ်ကြီးကြီးနဲ့ physical keyboard ကိုသယ်ဆောင်လာပြီး gaming နဲ့ productivity အတွက် အတွေ့အကြုံကို မြှင့်တင်ပေးပါတယ်” လို့ Razer တွဲဖက်တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် မင်လန်တန်က ပြောခဲ့ပါတယ်။

Project Linda မှာ Razer Chroma keyboard ကိုအသုံးပြုထားပြီး နောက်ခံအရောင် သန်းပေါင်းများစွာအတွက် option တွေပါဝင်သလို Android အတွက် keyboard layout tweak တွေထည့်သွင်းထားပါတယ်။ Razer Blade Stealth လိုမျိုး အလူမီနီယမ်သတ္တုစပ် ကိုယ်ထည်ကို အသုံးပြုထားပါတယ်။ အလေးချိန်က Razer Phone အပါအဝင်နဲ့ဆို သုံးပေါင်အောက်ပဲရှိပါတယ်။ Project Linda မှာ ၁၃.၃ လက်မ quad-HD display ပါဝင်ပြီး Razer Phone လိုပဲ 120Hz refresh rate ကိုအသုံးပြုထားပါတယ်။

Razer Phone က Project Linda စနစ်ရဲ့ဦးနှောက်အစိတ်အပိုင်း တစ်ရပ်အဖြစ် အထောက်အပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ပရိုဆက်ဆာကနေ RAM အပြင် operating system နဲ့ app တွေအထိ Project Linda laptop က အသုံးပြုသွားမှာ ဖြစ်သလို Laptop dock အတွင်းမှာ feature နှစ်မျိုးလည်း ပါဝင်လာပါတယ်။ ပထမတစ်ခုက ဖုန်းဘက်ထရီကို အားပြန်သွင်းပေးမယ့် 53.6Wh ဘက်ထရီ ဖြစ်ပြီး ဒုတိယ feature ကတော့ 200GB external storage ဖြစ်ပါတယ်။ အခြား laptop feature ဖြစ်တဲ့ 720p webcam, audio jack နဲ့ USB-A နဲ့ USB-C တို့လည်း ပါဝင်လာတယ်လို့ သိရပါတယ်။

စိုးထက်
Ref: CNET