Rakuten Viber မှ Chatbot တွင် ငွေပေးချေခြင်းလုပ်ဆောင်ချက်ကို မကြာမီ မိတ်ဆက်မည်

Viber အသုံးပြုသူတွေ အနေနဲ့ Google Pay နဲ့ အခြားငွေပေးချေမှုစနစ်တွေနဲ့ ပစ္စည်းတွေအတွက် ငွေပေးချေခြင်းတွေကို ပြုလုပ်နိုင်တော့မယ်လို့ သိရပါတယ်။

Viber Chatbot တွင် ငွေပေးချေခြင်း လုပ်ဆောင်ချက်မှာ အသုံးပြုသူတွေ အနေနဲ့ ရောင်းချသူများထံမှ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုများ ဝယ်ယူရာမှာ chatbot ရှိရုံနဲ့ လုံခြုံစိတ်ချစွာ တိုက်ရိုက် ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အသုံးပြုသူ အနေနဲ့ ၄င်းတို့ရဲ့ ဘဏ်ကတ်ကို စာရင်းပေးသွင်းရမှာ ဖြစ်ပြီး Viber ရဲ့ မူလ Application Programming Interface (API) ပေါ်မှာ တည်ဆောက်ထားတဲ့ မည်သည့် chatbot မှာမဆို ငွေပေးချေမှု ပြုလုပ်နိုင်မှာဖြစ်ကြောင်း၊ ရောင်းချသူဘက်မှလည်း ငွေပေးချေသည့်ဝန်ဆောင်မှု ဆောင်ရွက်ပေးသူနဲ့ ချိတ်ဆက်ပြီး Viber မှာ chatbot ဖန်တီးကာ ငွေပေးချေမှုကို လက်ခံရယူနိုင်မယ်လို့ သိရပါတယ်။

နိုဝင်ဘာလမှ စတင်၍ Viber မှ ယုံကြည်ရသော bot တီထွင်သူများ၊ ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပူးပေါင်းကာ စမ်းသပ် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ Viber မှ Chatbot မှ ငွေပေးချေခြင်း လုပ်ဆောင်ချက်အား မြန်မာနိုင်ငံ အပါအဝင် အခြားနိုင်ငံရှိ စျေးကွက်များသို့လည်း နောင်နှစ် အစပိုင်းတွင် ဆက်လက် မိတ်ဆက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

“ကျွန်တော်တို့က အသုံးပြုသူတွေကို တန်ဖိုးထားတုံ့ပြန်တဲ့ အနေနဲ့ Viber ကို စာတိုပို့ဆောင်ခြင်း အပြင် ကမ္ဘာတစ်ဝှမ်းမှာ ဘက်စုံအသုံးပြုနိုင်တဲ့ ပလက်ဖောင်းတစ်ခု ဖြစ်လာစေဖို့ အရမ်းပဲ စိတ်လှုပ်ရှားမိပါတယ်။ သတင်းအချက်အလက်တွေကို စာတိုပို့‌ဆောင်တာတွေ၊ ငွေပေးချေတာတွေ အပြင် တခြားသော ဒီဂျစ်တယ်ဆက်သွယ်မှုလုပ်ငန်းဆိုင်ရာတွေ အကုန်လုံးအတွက် လုံခြုံမှုနဲ့ စိတ်ချရမှုက အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အသုံးပြုသူတွေ သူတို့ရဲ့ ငွေပေးချေမှုဆိုင်ရာ ကိစ္စတွေ လုံခြုံစေဖို့အတွက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” လို့ Rakuten Viber ရဲ့ CEO ဖြစ်သူ Djamel Agaoua က ပြောကြားခဲ့ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««