QZSS နည်းပညာ

QZSS နည်းပညာဆိုတာကတော့ ဖုန်းတွေမှာပါ ထည့်သွင်းအသုံးပြုလာတဲ့ GPS လမ်းညွှန်ဆိုင်ရာ ဂြိုဟ်တုနည်းပညာတစ်ခု ဖြစ်ပါတယ်။ QZSS ရဲ့အရှည်ကတော့ Quasi-Zenith Satellite System ဖြစ်ပြီး ဂျပန်အစိုးရကနေ အာရှပစိဖိတ်ဒေသတွေမှာ အမေရိကန်ရဲ့ GPS (Global Positioning System) နဲ့ တွဲဖက်လုပ်ဆောင်ဖို့အတွက် အဓိက ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့တဲ့ စနစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒေသတွင်း ဂြိုဟ်တုလေးလုံးအချိန်လွှဲပြောင်းလဲမှုစနစ်နဲ့ ဂြိုဟ်တုအခြေပြုစနစ်တွေ တိုးပွားများပြားလာစေဖို့အတွက် ဂျပန်အစိုးရက ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်အတွင်းမှာ ဂျပန်ပြည်တွင်းမှာ ဂြိုဟ်တုအခြေပြု တည်နေရာလမ်းညွှန်စနစ် အသုံးပြုနိုင်ဖို့အတွက် GPS စနစ်နဲ့တွဲဖက်ပြီး QZSS စနစ်ကို ဂြိုဟ်တု ၃ လုံးနဲ့ စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ ASBS (Advanced Space Business Corporation) နဲ့ စာချုပ်ချုပ်ပြီး Mitsubishi Electric, Hitachi နဲ့ GNSS Technologies Inc တို့က ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပထမမျိုးဆက် QZSS စနစ်က နာရီပေါ်အခြေခံထားတာဖြစ်ပြီး ဒုတိယမျိုးဆက်မှာတော့ အက်တမ်နာရီနည်းပညာပေါ်အခြေခံထားတာလို့ ဆိုပါတယ်။ QZSS နည်းပညာက ဂြိုဟ်တုအချိန်ကာလာစောင့်ရှောက်မှုစနစ်အသစ်တစ်ခုဖြစ်ပြီး လက်ရှိ GPS, GLONASS, NAVIC သို့မဟုတ် Galileo စတဲ့ ရေ‌ကြောင်းသွားလာမှု ဂြိုဟ်တုစနစ်တွေမှာ အသုံးပြုတဲ့ on-board အနုမြူနာရီတွေ မလိုအပ်ဘဲနဲ့ အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။

တစ်မ္ဘာလုံးအတိုင်းအတာအနေနဲ့ QZSS စနစ်က တိကျမှန်ကန်မှု စွမ်းဆောင်ရည်မြင့်မားပြီး တည်ငြိမ်မှုရှိတဲ့ တည်နေရာပြစနစ်တစ်ခုအနေနဲ့လည်း ထောက်ပံ့လုပ်ဆောင်ပေးသလို အာရှပစိဖိတ်ဒေသအတွက်လည်း GPS စနစ်နဲ့တွဲဖက်ကာ တည်နေရာထောက်လှမ်းမှုတွေကိုလည်း လုပ်ဆောင်ပေးပါတယ်။ ဂြိုဟ်တုလေးလုံးအခြေပြုထားတဲ့ QZSS ဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ စတင်စမ်းသပ်အသုံးပြုခဲ့ပြီး တရားဝင်မိတ်ဆက်တာကိုတော့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ GPS စနစ်မလိုဘဲ အသုံးပြုနိုင်မယ့် ဂြိုဟ်တု ၇ လုံးပါဝင်တဲ့ ဂြိုဟ်တုတည်နေရာပြလမ်းညွှန်ကိုတော့ ၂၀၂၃ ခုနှစ်လောက်မှာ သုံးနိုင်အောင် လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

-ရဲထွဋ်ဝင်း