Qualcomm aptX ကြိုးမဲ့အသံနည်းပညာ

aptX (apt-X) ဆိုတာကတော့ ဒီဂျစ်တယ် အသံအချက်အလက် data တွေကို မူလထက် ပိုမိုအရွယ်အစား လျော့နည်းအောင် ချုံ့ပြီး ပြန်လည်လွှင့်ပေးတဲ့ အသံပိုင်းဆိုင်ရာ နည်းပညာတစ်ခု ဖြစ်ပါတယ်။ ဒီနည်းပညာကို Qualcomm က ပိုင်ဆိုင်တာဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်မှာ ဒေါက်တာစတီဖင်စမစ် (Dr. Stephen Smyth) က Queen University Belfast (အီလက် ထရွန်းနစ်ကျောင်း၊ အီလက်ထရစ်ကယ်အင်ဂျင်နီယာနှင့် ကွန်ပျူတာသိပ္ပံကျောင်း) မှာ သူ့ရဲ့ Ph.D သုတေသနစာတမ်းရဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ aptX အယ်ဂိုရစ်သမ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

aptX အသံနည်းပညာကို ထုတ်ကုန်တွေနဲ့ အလိုအလျောက် ကြိုးမဲ့ချိတ်ဆက် အသုံးပြုဆိုင်ရာ application တွေမှာ အသုံးပြုခဲ့တာဖြစ်ပြီး စမတ်ဖုန်း၊ လက်ပ်တော့၊ တက်ဘလက် စတဲ့ ထုတ်ကုန်တွေကတစ်ဆင့် Bluetooth A2DP ချိတ်ဆက်မှုပေါ်ကနေ စတူဒီယိုအသံထွက် အသံအရည်အသွေး မကျစေဘဲ real-time streaming အနေနဲ့ နားဆင်အသုံးပြုတဲ့အပြင် ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ Bluetooth စတူဒီယိုစပီကာ၊ နားကြပ် စတာတွေမှာလည်း ဒီနည်းပညာကို ထည့်သွင်းအသုံးပြုပါသေးတယ်။

ဒီနေ့ခေတ်မှာတော့ aptX အပြင် E-aptX (Enhanced aptX), aptX Live, aptX HD, aptX Low Lantency, aptX Adaptive စတဲ့ aptX ရဲ့ မျိုးကွဲနည်းပညာတွေများစွာကို မတူညီတဲ့ နယ်ပယ်အလိုက် အသုံးပြုနေပြီဖြစ်ပါတယ်။ E-aptX ကို ပရော်ဖက်ရှင်နယ် audio broadcast app တွေမှာ အသုံးပြု ပြီး AM, FM, DAB, HD ရေဒီယိုနဲ့ 5.1 channel မျိုးတွေအတွက် အသုံးပြုပါတယ်။ aptX Live ကိုတော့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုလုပ်တဲ့ မိုက်ခရိုဖုန်းတွေမှာ ထည့်သွင်းအသုံးပြုပြီး aptX HD ကတော့ အရည်အသွေးမြင့် HD (high-definitaion) အသံထွက်ကို အမြင့်ဆုံး 48kHz (24bits) သို့မဟုတ် 576 kbit/s ထိ အမြင့် ဆုံးအသုံးပြုနိုင်မှာဖြစ်ပါတယ်။
aptX Low Latency ကတော့ ဗီဒီယိုနဲ့ ဂိမ်း app တွေအတွက် audio-video အသံ ချိတ်ဆက်ကူးပြောင်းမှုမှာ စတူဒီယို အသံထွက်အတိုင်း ခံစားနိုင်ဖို့ အသုံးပြုတာဖြစ်ပြီး aptX Adaptive ကတော့ ပရီမီယံအသံထွက် အရည်အသွေးနဲ့ အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် ကြိုးမဲ့ အင်တာနာတွေကတစ်ဆင့်လည်း ပြန်လည်မျှဝေအသုံးပြုနိုင်အောင် ဖန်တီးထားတဲ့ နည်းပညာဖြစ် တယ်လို့ Qualcomm က ဆိုထားပါတယ်။

-ရဲထွဋ်ဝင်း