PUBG MOBILE Myanmar Championship 2020 ဖိုင်နယ်အွန်လိုင်းဂိမ်းပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် အသင်းများထွက်ပေါ်လာ

PUBG MOBILE မှ COVID-19 အခြေအနေကြောင့် ဘေးကင်းလုံခြုံမှုအတွက် Myanmar Championship 2020 ဖိုင်နယ် ဂိမ်းပြိုင်ပွဲကို အွန်လိုင်းသီးသန့်ပြိုင်ပွဲအဖြစ် မတ် ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ နေ့လယ် ၁ နာရီမှ ည ၈ နာရီ အထိ ကျင်းပခဲ့ပြီး ဂိမ်းပြိုင်ပွဲမှ ဆုရရှိတဲ့အသင်းတွေကို ဆုကြေးငွေတွေနဲ့အတူ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပြိုင်ပွဲမှာ My GALAXY အသင်းက PUBG MOBILE Myanmar Championship 2020 ရဲ့ Champion ဖြစ်ခဲ့ပြီး First Runner-Up ဆုကို Yangon Galacticos က လည်းကောင်း၊ Second Runner-Up ဆုကို DEUS Esport က လည်းကောင်း၊ Third Runner-Up ဆုကို Team SCOTT က လည်းကောင်း အသီးသီးရရှိခဲ့ကြပါတယ်။ PUBG MOBILE မှ Champion ရရှိခဲ့တဲ့ My GALAXY အသင်းကို ကျပ်သိန်း ၁၅၀၊ First Runner-Up ရရှိခဲ့တဲ့ Yangon Galacticos အသင်းကို ကျပ်သိန်း ၁၀၀ ၊ Second Runner-Up ရရှိခဲ့တဲ့ DEUS Esport အသင်းကို ကျပ် သိန်း ၆၀၊ Third Runner-Up ရရှိခဲ့တဲ့ Team SCOTT အသင်းကို ကျပ်သိန်း ၃၀၊ အဆင့် ၅ မှ ၈ ရရှိတဲ့ အသင်းများကို ကျပ် ၁၅ သိန်းစီ၊ အဆင့် ၉ မှ ၁၈ ရရှိတဲ့ အသင်းတွေကို ကျပ် ၁၀ သိန်းစီ ဆုကြေးငွေတွေ အသီးသီး ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖိုင်နယ်အဆင့်ပြိုင်ပွဲမှာ ထိပ်ဆုံးရရှိတဲ့ အသင်း (၄) သင်းဖြစ်တဲ့ My GALAXY, Yangon Galacticos , DEUS Esport , Team SCOTT တို့ဟာ PMCO SEA Wildcard Final အဆင့်သို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိမှာဖြစ်ပြီး မြန်မာအသင်း ၄ သင်းနဲ့အတူ လာအို၊ စင်္ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ အရှေ့တီမောနိုင်ငံများရှိ Online ပြိုင်ပွဲများမှအနိုင်ရရှိတဲ့ အသင်း ၁၂ သင်း၊ စုစုပေါင်း အသင်း ၁၆ သင်းတို့ဟာ PMCO SEA Wildcard Final အဆင့်မှာ Online မှတစ်ဆင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ PMCO SEA Wildcard Final အဆင့်မှာ ထိပ်ဆုံး ရပ်တည်နိုင်တဲ့ အသင်း (၃) သင်းဟာ ကိုယ်ပိုင် League ရှိသော နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံမှ အသင်းတွေနဲ့အတူ PMCO SEA Final သို့ တက်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ PMCO SEA Final ပြိုင်ပွဲမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ တန်ဖိုးရှိတဲ့ ဆုကြေးငွေတွေ ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။

-အောင်သူ