Prudential Myanmar နှင့် ပန်းလှိုင်ဆေးရုံတို့ ပူးပေါင်း၍ AI နည်းပညာသုံး အက်ပလီကေးရှင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်မည်

အသက်အာမခံလုပ်ငန်းဖြစ်တဲ့ Prudential Corporation Asia လက်အောက်ရှိ အပိုင်လုပ်ငန်းခွဲဖြစ်သော Prudential Myanmar နဲ့ ပန်းလှိုင်ဆေးရုံ (Pun Hlaing Hospitals) တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာမခံလုပ်ငန်းနယ်ပယ်မှာ အသက်အာမခံနဲ့ ကျန်းမာရေး အာမခံတွေ ဖြန့်ဖြူးပေးအပ်ခြင်း၊ နည်းပညာအရ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆေးဘက်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်ရ ဆရာဝန်တွေနဲ့ ၂၄ နာရီ၊ ၇ ရက်ပတ်လုံး အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးနိုင်ခြင်း၊ သတ်မှတ်ထားတဲ့ နေရာဒေသတွေမှာ လူထုအခြေပြု အစီအစဉ်များ ပြုလုပ်ခြင်း စသဖြင့် ဘက်စုံကဏ္ဍစုံမှ ပူးပေါင်းလုပ်ဆောင်ရန် ရည်ရွယ်ပြီး သီးသန့်မိတ်ဖက်အဖြစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

Prudential Myanmar ရဲ့ လူသားမှတ်ဉာဏ်တု AI နည်းပညာသုံး Pulse မိုဘိုင်းအက်ပလီကေးရှင်းကို အသုံးပြုပြီး ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို လူတိုင်း အချိန်မရွေး၊ နေရာမရွေး၊ ကလစ်တစ်ချက် နှိပ်ရုံနဲ့ ရယူနိုင်မှာဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လက မလေးရှားနိုင်ငံမှာ Pulse အက်ပလီကေးရှင်း စတင်မိတ်ဆက်ခဲ့ချိန်မှ စ၍ အာရှဒေသတစ်လွှားရှိ ဈေးကွက် (၁၁) ခုမှာ download ရယူမှုပေါင်း (၈) သန်းကျော် ရှိခဲကြောင်း၊ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်တွေရဲ့ တစ်စိတ်တစ်ဒေသအဖြစ် Pulse အက်ပလီကေးရှင်းနဲ့ ပန်းလှိုင်ဆေးရုံရဲ့ လုပ်ဆောင်ချက်စနစ်များကို ပေါင်းစည်း ထည့်သွင်းသွားမှာဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ ဆေးကုသမှု ခံယူရန် ရက်ချိန်းရယူခြင်း၊ အွန်လိုင်းမှတစ်ဆင့် ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်နိုင်ခြင်းတို့ အပါအဝင် အခြားသော အဆင့်မြင့် ဝန်ဆောင်မှုတွေကို ရယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပူးပေါင်းဆောင်ရွက်မှုများ စတင်တဲ့ အထိမ်းအမှတ်အဖြစ် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူများအတွက် Pulse အက်ပလီကေးရှင်းမှတစ်ဆင့် အွန်လိုင်း ကျန်းမာရေးတိုင်ပင်ဆွေးနွေးခြင်း ဝန်ဆောင်မှုကို အခမဲ့ ထောက်ပံ့ပေးအပ်မည့် လူမှုအကျိုးပြု အစီအစဉ်တစ်ခုကို စတင်မိတ်ဆက်သွားမှာဖြစ်သလို စက်တင်ဘာ ၂၉ ရက်မှာ ကျရောက်မယ့် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ Prudential Myanmar နဲ့ ပန်းလှိုင်ဆေးရုံတို့ အတူတကွ ပူးပေါင်းပြီး ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ အွန်လိုင်း အခမ်းအနားတစ်ခုကို ကြီးမှူးကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««