Premium Rentals (Beta) ကို Grab မိတ်ဆက်

ရန်ကုန်မြို့တွင်း၊ လေဆိပ်ကြိုပို့ အပါအဝင် မြို့ပြင်ခရီးသွားလာခြင်းအတွက် ၇ ယောက်စီး Toyota Alphard ဗန်ကားတွေကို နာရီအလိုက်၊ တစ်နေ့တာအတွက် လိုအပ်သလို ငှားရမ်းအသုံးပြုနိုင်မယ့် Grab Premium Rentals (Beta) ကို စတင် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

လက်ရှိပြည်တွင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ စံချိန်စံနှုန်းမြင့်မားလာစေပြီး ရန်ကုန်မြို့တွင်း ခရီးသွားလုပ်ငန်းကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာစေရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ Grab အသုံးပြသူများအနေနဲ့ Premium Rentals (Beta) ဝန်ဆောင်မှုကို Grab app ထဲရှိ “Rentals” လုပ်ဆောင်မှုမှတစ်ဆင့် အလွယ်တကူ ရယူနိုင်မှာဖြစ်ပါတယ်။ ဝန်ဆောင်မှုအသစ်မှာ ကျွမ်းကျင်ယာဉ်မောင်းများနဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များပါဝင်ကာ ခရီးသည်တွေအနေနဲ့ မိမိအသုံးပြုတဲ့ အချိန်အတွင်း ရပ်နားသည့်နေရာ အရေအတွက်၊ ခရီးအကွာအဝေးနဲ့ သွားရောက်လိုတဲ့ မြို့နယ်တွေကို အကန့်အသတ်မရှိ သွားရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

“Premium Rentals [Beta] ဆိုတာ လူတိုင်း ကိုယ်လိုအပ်တဲ့အချိန် စိတ်တိုင်းကျ ဝန်ဆောင်မှုရယူနိုင်အောင် ပြုလုပ်ပေးထားတာပါ။ မိဘတွေအတွက် ဆွေမျိုးတွေနဲ့အတူ အတူတူ မင်္ဂလာပွဲသွားဖို့ စီစဉ်ပေးတာ၊ လုပ်ငန်းရှင်တွေ ဆိုရင်လည်း သီလဝါ အထူးစီးပွားရေးဇုန်လိုမျိုး နေရာတွေကို သွားဖို့ စတာတွေကနေ မိသားစုလိုက် တစ်ရက်လုံး အချိန်ယူပြီး ဈေးဝယ်ထွက်တာ၊ အပျော်ခရီးထွက်တာတွေ လုပ်လို့ရပါတယ်။ ကျွန်မတို့ရဲ့ Premium Rentals [Beta] ဝန်ဆောင်မှုကို လိုင်စင်ရ ခရီးသွားလုပ်ငန်း မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးထားတာ ဖြစ်ပြီး သူတို့တွေအတွက် ဘွတ်ကင်တွေ ပိုရအောင်ရှာပေးနိုင်တဲ့အတွက် သူတို့ကားတွေကို အကျိုးရှိရှိ အသုံးပြုပြီး ဝင်ငွေ အခွင့်အလမ်းသစ်တွေ ရရှိလာနိုင်မှာဖြစ်ပါတယ်” လို့ Grab Myanmar ရဲ့ Country Head ဖြစ်သူ Cindy Toh က ပြောပါတယ်။

Premium Rentals [Beta] မှာ နာရီအလိုက် packages များနဲ့ မြို့ပြင်ခရီး packages များ စတဲ့ packages အမျိုးအစား နှစ်ခုရှိပြီး စမ်းသပ် ဝန်ဆောင်မှုပေးတဲ့ကာလမှာ ရန်ကုန်မြို့နယ်များအတွင်း နံနက် ၆ နာရီမှ ည ၉ နာရီအထိ နာရီအလိုက် packages များရယူကာ သွားလာနိုင်မှာဖြစ်ပါတယ်။ စမ်းသပ်ဝန်ဆောင်မှုပေးတဲ့ ကာလအတွင်း ခရီးသည်များထံမှ ဝေဖန်အကြံပြုချက်များ ရယူပြီး Grab မှ Premium Rentals [Beta] ဝန်ဆောင်မှုကို ပိုမို ကောင်းမွန်လာစေရန် ဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် လာမယ့် လအနည်းငယ်အတွင်း ခရီးသည်များအတွက် Grab အက်ပလီကေးရှင်းမှတစ်ဆင့် အဆင့်မြင့် ဆလွန်းကားအမျိုးမျိုးအား ဘွတ်ကင်ရယူနိုင်ဖို့ကို စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း