Porsche ရဲ့ Mission E ပထမဆုံးလျှပ်စစ်ကားကို ၂၀၁၉ ခုနှစ်တွင် ရောင်းချမည်

Porsche ရဲ့ပထမဆုံးလျှပ်စစ်ကားကို ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရောင်းချသွားမယ်လို့ ဒီနှစ်မှာပြုလုပ်တဲ့ ဖရန့်ဖတ်ကားပြပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Porsche ရဲ့ပထမဆုံးလျှပ်စစ်ကား Mission E ကို လက်ရှိ Panamera ကားမော်ဒယ် ဈေးအတိုင်း ဒေါ်လာ ၈၀,၀၀၀ နီးပါးနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Porsche ဟာ Mission E ကို ၂၀၁၅ ခုနှစ်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ အခုဆိုရင် Mission E ကို တင်ပို့ရောင်းချဖို့ ထုတ်လုပ်ရာမှာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေတယ်လို့ Car Magazine ကဖော်ပြခဲ့ပါတယ်။

Mission E မှာ လျှပ်စစ် powertrain ကို အသုံးပြုထားပြီး Porsche ရဲ့ Panamera နဲ့ 911 မော်ဒယ် ကားအားလုံးအကြားမှာ နေရာတစ်ခုကို ရယူသွားမယ်လို့ သိရပါတယ်။ Mission E ဟာ တံခါးလေးပေါက်ပါတဲ့ ပြိုင်ကားအမျိုးအစားဖြစ်ပြီး ရှေ့ပြေးပုံစံ စမ်းသပ်မှုတွေ စတင်ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Porsche Mission E ကားရဲ့ နောက်ဆုံးအချက်အလက်နဲ့ spec တွေကို မသိရသေးပါဘူး။ ဒါပေမဲ့ Porsche ရဲ့ Mission E concept မော်ဒယ်မှာတော့ 600bhp မော်တာပါဝင်ပြီး ၃.၅ စက္ကန့်အောက်အတွင်း သုည ကနေ တစ်နာရီ မိုင် ၆၀ အထိ အရှိန်တင်နိုင်ကာ တစ်နာရီ ၁၅၅ မိုင်နဲ့ မောင်းနှင်နိုင်ပါတယ်။

လျှပ်စစ်ကားဖြစ်တာကြောင့် ဘက်ထရီကို အားတစ်ခါသွင်းထားရုံနဲ့ မိုင် ၃၀၀ အထိ မောင်းနှင်နိုင်ပါတယ်။ ဒါ့အပြင် 350kW fast-charging ပါဝင်တယ်လို့လည်း သိရပါတယ်။

စိုးထက်
Ref: TechCrunch