PlayStation 5 နဲ့ပတ်သက်ပြီး သိသင့်သမျှ

Sony က မျိုးဆက်သစ် PlayStaion ဂိမ်းစက်ကို ဧပြီလမှာ ထုတ်ပြန်မိတ်ဆက်ခဲ့ပြီး မေလမှာ အသေးစိတ် အချက်အလက်ကို ထုတ်ပြန်ခဲ့ပါတယ်။ မျိုးဆက်သစ် PlayStation 5 ဟာ PlayStation 4 ကို များစွာ အဆင့်မြှင့်တင်မှု ပြုလုပ်ထားပါတယ်။ အောက်တိုဘာ ၈ ရက် (အင်္ဂါနေ့) က Sony ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် ဂျင်မ်ရိုင်ယန်က PS5 နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ခဲ့သလို ထွက်ရှိမယ့်ရက်ကိုလည်း အသိပေးခဲ့ပါတယ်။ PlayStation 5 နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

PS5 ဘယ်အချိန်ထွက်ရှိမလဲ

PlayStation 5 ကို ၂၀၂၀ ခုနှစ် အားလပ်ရက်မှာ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

PS5 မှာဘာတွေ ပါဝင်လာမလဲ

ရုပ်ထွက်ပိုင်းဂိမ်းစက်သစ်မှာ အဆင့်မြှင့်တင်ထားတဲ့ ရုပ်ထွက်ပိုင်းအတွက် ray tracing နည်းပညာကို အသုံးပြုထားပါတယ်။ အဲဒီနည်းပညာဟာ ဂိမ်းအတွင်း အလင်းရောင်အသုံးပြုမှုကို နည်းလမ်းသစ်နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ နည်းပညာသစ်ကို PS5 ရဲ့ GPU ကထောက်ပံ့ပေးထားပါတယ်။

Storage

PS5 ရဲ့ solid-state drive ဟာ ဂိမ်းတွေဖွင့်ရာမှာ ပိုမို မြန်ဆန်စေပါတယ်။ သုံးစွဲသူတွေက ဂိမ်းတစ်ခုလုံး install ပြုလုပ်စရာမလိုဘဲ ဂိမ်းရဲ့ multiplayer ဒါမှမဟုတ် single player campaign တွေကို ရွေးချယ် install လုပ်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

ဂိမ်းခလုတ်

PS5 မှာ ဂိမ်းခလုတ်သစ် ပါဝင်လာမှာပါ။ ဂိမ်းခလုတ်သစ်မှာ တုန်ခါမှုအစား haptic feedback ကို အစားထိုးထားတယ်လို့ ရိုင်ယန်ကပြောခဲ့ပါတယ်။ ဂိမ်းခလုတ်တွေနဲ့ USB-C port အတွင်း စပီကာသစ်တွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။
“သုံးစွဲသူတွေက haptics နဲ့ဆို ကျယ်ပြန့်တဲ့တုံ့ပြန်မှုကို ခံစားရပါမယ်။ ဒါကြောင့် ဂိမ်းထဲက ပြိုင်ကားက နံရံတိုက်မိတာ ဒါမှမဟုတ် ဘောလုံးကွင်းထဲက ဖျက်ထုတ်မှုတွေကို ကွဲပြားစွာခံစားရပါမယ်။ ဒါ့အပြင် မြက်ခင်း ဒါမှမဟုတ် ရွှံ့နွံထဲ ဖြည်းဖြည်းချင်းသွားတဲ့ ထိတွေ့မှုအမျိုးမျိုးကို ခံစားနိုင်ပါမယ်” လို့ရိုင်ယန်ကပြောခဲ့ပါတယ်။

ဂိမ်းခလုတ်ရဲ့ L2/R2 ခလုတ်အတွင်းမှာ adaptive trigger တွေပါဝင်လာပါတယ်။ တကယ်လို့ developer တွေက ဂိမ်းအတွက် ပိုကောင်းတဲ့အထိအတွေ့အတွက် trigger တွေအပေါ် ပရိုဂရမ်ရေးဆွဲတာတွေလည်း ပြုလုပ်နိုင်ပါတယ်။

Green tech

ဂိမ်းစက်အသစ်က သဘာဝပတ်ဝန်းကျင်ကို အားပေးမယ်လို့ စက်တင်ဘာလအတွင်း Sony ကပြောခဲ့ပါတယ်။ တကယ်လို့ ဂိမ်းကစားသူ ၁ သန်းက PS5 ရဲ့စွမ်းအင်ချွေတာရေး feature ကိုအသုံးပြုလာရင် အမေရိကန် အိမ် ၁,၀၀၀ ရဲ့ ပျှမ်းမျှလျှပ်စစ် အသုံးပြုမှုနဲ့ ညီမျှပါမယ်။ Sony နဲ့ Microsoft ဟာ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ဗီဒီယိုဂိမ်းစက်တွေ ထုတ်လုပ်မယ်လို့ ကတိပြုထားပါတယ်။

ဘာဂိမ်းတွေ ထွက်ရှိလာနိုင်မလဲ

PS5 အတွက် ထွက်ရှိမယ့်ဂိမ်းတွေ မသိရသေးပါဘူး။ ဒါပေမဲ့ PS4 အတွက် Death Strading, The Last of Us Part II နဲ့ Ghost of Tsushima တို့ထွက်ရှိလာပါမယ်။

PS5 ဘယ်လောက်ကျသင့်မလဲ

ဈေးနှုန်းကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပေမယ့် တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေးစစ်ပွဲ ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် PlayStation ဂိမ်းစက်တွေ ဈေးနှုန်းမြင့်မားနိုင်တယ်လို့ Sony ကပြောခဲ့ပါတယ်။

စိုးထက်
Ref: CNET