Pixel, Samsung, Huawei နဲ့ Xiaomi ဖုန်းတွေက လုံခြုံရေးအားနည်းချက်ကို Google ရှာဖွေတွေ့ရှိ

Google သုတေသီတွေဟာ Android ထုတ်ကုန်များစွာက အရေးကြီးတဲ့ လုံခြုံရေးအားနည်းချက်ကို တွေ့ရှိခဲ့ပါတယ်။ အဲဒီပြဿနာကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ပြုပြင်ထားဖူးတယ်လို့ သိရပါတယ်။ လုံခြုံရေးအားနည်းချက်ရှိတဲ့ ဖုန်းတွေထဲမှာ Pixel, Pixel 2, Huawei P20, Samsung Galaxy S7, S8 နဲ့ S9 တို့ပါဝင်လာပါတယ်။ ဒါ့အပြင် Redmi 5A, Redmi Note 5, Xiaomi A1, Oppo A3 နဲ့ Moto Z3 တို့လည်း စာရင်းထဲပါဝင်ပြီး ပြင်ဆင်ဖို့ လိုအပ်ပါတယ်။

အားနည်းချက်ကို လွန်ခဲ့တဲ့တစ်ပတ်လောက်က တွေ့ရှိခဲ့ပေမယ့် အရေးမကြီးဘူးလို့ ယူဆခဲ့ပြီး သုံးစွဲသူခွင့်ပြုချက်နဲ့ အန္တရာယ်ရှိ software သွင်းဖို့လိုအပ်တဲ့ အားနည်းချက်လို့ Google ကပြောခဲ့ပါတယ်။ အဲဒီအားနည်းချက်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ပြုပြင်ထားပေမယ့် နောက်ပိုင်းဗားရှင်းတွေမှာ ဆက်လက် မထိန်းသိမ်းခဲ့ဘူးလို့ သိရပါတယ်။

အားနည်းချက်ကို အစ္စရေးရဲ့ NSO Group ကအသုံးပြုနေတယ်လို့သိရပါတယ်။ NSO Group ဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို တိုက်ခိုက်နေတဲ့ ကုမ္ပဏီတစ်ခုလို့ သိရပါတယ်။

စိုးထက်
Ref: GSMArena