Pixel Brush Studio မှ Founder and Creative Director ဖြစ်သူ ကိုကျော်နှင့် တွေ့ဆုံခြင်း

မြန်မာ့နည်း၊ မြန်မာ့ဟန်၊ မြန်မာစတိုင်နဲ့ ထွက်ရှိလာမယ့် ဒုဘဒ္ဒရုပ် ပြစာအုပ်ဖန်တီးသူ Pixel Brush Studio မှ Founder and Creative Director ကိုကျော်နဲ့ ယခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

ရုပ်ပြပျောက်ကွယ်နေရတဲ့ အကြောင်းအရင်းက ဘာကြောင့်လို့ထင်ပါလဲ။

ရုပ်ပြကွယ်ပျောက်ရတဲ့ အကြောင်းအရင်းကတော့ အများကြီးရှိတယ်၊ လူတွေရဲ့ ခေတ်စနစ်အပြောင်းအလဲတွေ၊ နည်းပညာ အပြောင်းအလဲတွေ၊ စမတ်ဖုန်း တွေ၊ အင်တာနက်တွေ၊ ဆိုရှယ်
မီဒီယာတွေ အားကောင်းလာတဲ့ အချိန်မှာ ပရိသတ်က တစ်ဖတ် စောင်း နင်းပါသွားတာမျိုးရှိတယ်၊ အဲ့အခါမှာ လူတွေကစာအုပ်၊ စာ ပေတွေ ဖတ်တာမျိုးမရှိကြတော့ ဘူးဆိုတော့ စာအုပ်ရဲ့ စျေးကွက်က ထိုးကျတာမျိုး ဖြစ်သွားတယ်၊ ဒါပေမဲ့ အခုလူတွေက စာအုပ်စာပေဘက်ကိုပြန်ပြီး လှည့်လာကြပြီ၊ စာတွေလည်း ပြန်ဖတ် လာကြပြီ၊ အဲ့ဒါကြောင့်လည်း ကျွွန်တော်တို့ ပြန်လုပ်ဖို့အတွက် အားရှိလာတာပေါ့၊ ဘယ်နိုင်ငံ မဆို အပြောင်းအလဲ အရွေ့ဆိုတာက ရှိတာပေါ့၊ ကျွွန်တော်တို့ လည်း အရွေ့တစ်ခုမှာ ခံစား လိုက်ရတယ်၊ အဲ့ဒီအချိန်မှာ ရုပ်ပြစာအုပ်တွေက ဆယ်စုနှစ်တစ် ခုအထိ ကွယ်ပျောက်သွားခဲ့တယ်၊ ဒီပြန်ပြီးတော့ ခေါင်းထောင်လာအောင် ကျွွန်တော်တို့ ကြိုးစားနေကြပါတယ်။

ရုပ်ပြစာအုပ် ပြန်လည်ဦးမော့လာဖို့အတွက် ဘယ်လို အခက်အခဲတွေရှိလဲ။

ရုပ်ပြကို ဖန်တီးတဲ့သူက Teamwork ကောင်းကောင်း လိုတယ်၊ ရုပ်ပြဆိုတာက စာရွက်တွေ၊ အခန်းဆက်တွေ၊ အခန်းစဉ်တွေ အများကြီးဆွဲပြီးတော့ ဆွဲရတာဆိုတော့ လူအင်အားလည်း လိုတယ်၊ အဲ့ဒီတော့ ဖန်တီးတဲ့သူတွေရှိနေဖို့လိုတယ်၊ နောက်ပြီးတော့ ခေတ်မီနည်းပညာတွေလည်းလိုတယ်၊ စျေးကွက်က လုံးဝမရှိသလောက်ဖြစ်နေတဲ့ အထားမှာ ကိုယ့်စာအုပ်ကို
ယုံယုံကြည်ကြည် ထုတ်ဝေပေးမယ့် ထုတ်ဝေသူတွေ ရှိဖို့လည်းလိုတယ်၊ နောက်ဆုံး တစ်ချက်ကတော့ စာအုပ်ကို အားပေးမယ့် စာဖတ်သူတွေရဲ့ ဝိုင်းရံမှုတွေရှိလာမယ်ဆိုရင် ပြန်လည်ဦးမော့ လာနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ရုပ်ပြစျေးကွက် ပျောက်လုနီးပါဖြစ်နေaပမယ့် ဒုဘဒ္ဒရုပ်ပြကို ဖန်တီးဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းကို ပြောပြပေးပါ။

မြန်မာနိုင်ငံမှာ ရုပ်ပြစျေး ကွက်ပျောက်နေတာ ဆယ်စုနှစ် တစ်ခုလောက်ရှိပြီ၊ ကျွန်တော် ကိုယ်တိုင်လည်း အရင်တုန်းက ရုပ်ပြတွေဆွဲခဲ့တယ်၊ ပျောက်နေခဲ့တာ ဆယ်စုနှစ်ရှိနေပြီ ဆိုတော့
အဲ့ဒါကို ပြန်ဖော်ထုတ်ချင်လာတယ်၊ ပြီးတော့ ထုတ်ဝေသူတွေနဲ့ မထင်မှတ်ဘဲနဲ့ဆုံခဲ့ ကြတယ်၊ ကျွန်တော်တို့ဆီမှာလည်း ဝါသနာရှင်တွေနဲ့အတူ ဖွဲ့ စည်းထားတဲ့အတွက် ဒုဘဒ္ဒဆိုတဲ့ ရုပ်ပြကို လုပ်ဖြစ်ဖို့အကြောင်း ဖန်လာတယ်။

ဒုဘဒ္ဒဟာဘယ်လိုပုံစံမျိုးနဲ့ ထွက်လာမှာလဲ။

Comic နဲ့အရင် စာဖတ်သူကို မိတ်ဆက်မှာပါ၊ Comic မှာ စာဖတ်သူရဲ့ တုံ့ပြန်မှုကိုစောင့် ကြည့်ပြီးတော့ နောက်တစ်ဆင့် က Animation အဆင့်ထိ ဆက်သွားမှာပါ။ ဂိမ်းတွေအထိလည်း ဆက်လုပ်သွားဖို့ရှိပါတယ်။ ရုပ်ပြစာအုပ်ထဲမှာတော့ နောက်နှစ်ပေါင်း ၂၀၀ ဝန်းကျင်ရောက်သွားတာနဲ့ ဇာတ်အိမ်တည်ထားတယ်၊ မြန်မာနိုင်ငံမှာရှိပြီး ထင်ရှားတဲ့မြို့တွေကို အခြေခံပြီးတော့ လုပ်ထားတယ်၊ နောက်နှစ်ပေါင်း ၂၀၀ လောက်မှာ ပြောင်းလဲလာမယ့် အဆောက်အဦ ပုံစံတွေ၊ လူနေမှု ပုံစံတွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေကို တွေ့ရမှာပါ၊ အကောင်းဆုံးဖြစ်အောင်လည်း ဖန်တီးထားပါတယ်။

ရုပ်ပြထဲမှာပါဝင်တဲ့ ဇာတ်ဝင်ခန်းမှာ ဘယ်လိုအကြောင်းအရာ တွေပါဝင်လဲ။

ကျွန်တော်တို့ သတ်မှတ်ထားတာက ၁၃ နှစ်အထက်လူ ငယ်တွေကနေ စတင်ကြည့်သင့် တယ်၊ ဘာလို့လဲဆိုတော့ Action အသားပေးဆိုတော့ ပါဝင်တဲ့ဇာတ်ကောင်တွေ၊ ဗီလိန်တွေနဲ့ ဖိုက်တင်ဇာတ်ဝင်ခန်းတွေနဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းဇာတ်ကွက် ပေါ်မူတည်ပြီးတော့ ရသကို ပြည့်ပြည့်ဝဝ ခံစားလို့ရအောင် ရုပ်တွေမဖြတ်ဘဲနဲ့ လုပ်ထားပါတယ်၊ ဒါပေမဲ့လည်း ဒီရုပ်ပြကို
ထိန်းထိန်းသိမ်းသိမ်းလေးနဲ့ လုပ်​ပေးထားပါတယ်၊ အရမ်းဆိုးရွားလွန်းတဲ့အရာမျိုးတွေကို မထည့်ထားပါဘူး။ စာအုပ်တစ်အုပ်ထုတ်တိုင်းမှာ ဇာတ်ကောင်တွေကို တစ်မျိုးပြီးတစ်မျိုး လုပ်သွားမှာပါ၊ အဲ့တော့ မတူညီတဲ့ ဇာတ်ကောင်တွေ အများကြီးပါမယ်၊ တစ်အုပ်မှာသုံးလေးယောက် မိတ်ဆက်သွားမယ်၊ ဇာတ်လမ်းမသေအောင် ပေါ့၊ ပြီးတော့ပါဝင်မယ့် ဇာတ်
ကောင်တွေကိုလည်း အထူးသတိထားပြီး ရေးဆွဲရတယ်၊ မြန်မာမှု၊ မြန်မာ့ဟန်တွေ ပါအောင်ကြိုးစားပြီးတော့ ဂရုတစိုက်လုပ်ထားတယ်၊ ကျွွန်တော်တို့အနေနဲ့ ပြည်ပက Comic ရေးဆွဲသူတွေ ကို သဘောကျပေမယ့်လည်း သူတို့ရဲ့ အရှိန်အဝါလွှမ်းမိုးတာ မခံရဖို့လိုတယ်လေ၊ ပြီးတော့ ကျွန်တော်တို့အနေနဲ့လည်း နိုင်ငံတကာအထိ ​ရောက်ဖို့ မှန်းထားတဲ့အတွက်ကြောင့် Copy တွေ လုပ်လို့မရတော့ဘူး၊ မြန်မာနိုင်ငံက မြန်မာ့ယဉ်ကျေးမှု ဟာ ရှိပြီးသားဖြစ်တဲ့အတွက် မြန်မာစတိုင်ဖြစ်အောင် သေချာလေးပြင်ဆင်ပြီးတော့ ဖန်တီးကြတယ်၊ ပြီးတော့ တချို့ဇာတ်ကောင်တွေဆိုရင် အပြင်မှာကိုယ်သဘောကျတဲ့ လူတွေကြားထဲက ဇာတ်ကောင်တွေကိုပြန်ပြီး အသုံးပြုထားတယ်၊ တစ်ချို့ဇာတ် ကောင်တွေကျတော့လည်း စိတ်ကူးယဉ်ပြီးတော့ မြန်မာမှု မြန်မာ့ဟန်နဲ့ ​ပေါင်းစပ်ဖန်တီးပြီး ရုပ်ပြထဲထည့်သွင်းထားတယ်၊ သေချာလေးတော့ ပြင်ဆင်ဖန်တီးထားခဲ့ပါတယ်။

ဒီရုပ်ပြကို ဘယ်လောက်အတိုင်းအတာထိ ​မျှော်မှန်းထားလဲ။

ဒီရုပ်ပြကို အခုလောလောဆယ် မြန်မာတွေအတွက် ရည်ရွယ်ထားတဲ့အတွက် မြန်မာဗားရှင်းနဲ့ပဲ အရင်ထွက်မှာပါ၊ ဒီရုပ်ပြကိုကြည့်လိုက်တာနဲ့ ဒါဟာမြန်မာစစ်စစ်တွေ ဖန်တီးခဲ့တာ၊ မြန်မာလက်ရေးလက်သားဖောင့်​တွေနဲ့ မြန်မာရုပ်တွေကို အရငပြမှာပါ၊ ဒါမှလည်း ကျွန်တော်တို့ လုပ်နိုင်တာကို ဖန်တီးနိုင်စွမ်းအားတွေကို ကျွွန်တော်တို့ပြ မယ်၊ သူတို့တွေဘက်ကစိတ်ဝင်
စားလာတဲ့ အတိုင်းအတာပေါ် မူတည်ပြီး ကျွွန်တော်တို့ခြေလှမ်း တွေနဲ့ ဆက်လုပ်သွားမှာပါ။

ဖြည့်စွက်ပြောကြားချင်တာများရှိရင် ပြောကြားပေးပါ။

ဒုဘဒ္ဒရုပ်ပြစာအုပ်ကို ပြည်တွင်းမှာ စက်တင်ဘာ ၂၀ ဝန်းကျင်လောက် မိတ်ဆက်သွားဖို့ရှိပါတယ်၊ စက်တင်ဘာ ၅ ရက်မှာတော့ စင်ကာပူမှာ မိတ်ဆက်သွားမှာပါ၊ စာဖတ်သူတွေကို ဝန်းရံစေချင်တယ်၊ ဘာလို့လဲဆိုတော့​ မြန်မာနိုင်ငံမှာ ဒါဟာရှားရှားပါးပါး ပြန်လည် ဦးမော့လာတဲ့ ပထမဦးဆုံးစာအုပ်လို့ ပြောလို့ရတယ်၊ အဲ့အတွက်ကြောင့် ဝိုင်းပြီးအားပေးစေချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

-အောင်သက်ကို